Thursday, February 24, 2011

သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။


သုမေဓါ သူဌေးကလေး ပစ္စည်းများ စွန့်ကြဲနေပုံ။


ဘုရားအလောင်းသည် ဘုရားဖြစ်ဖို့ရန်ဆုတောင်းမည့် ဘ၀၌၊ သုမေဓါ ဟူသော အမည်အားဖြင့် ထင်ရှားသော သူဌေးသား ဖြစ်ခဲ့ဖူးလေသည်။ သူ၏ အမိအဘတို့သည် သူ ငယ်ရွယ်စဉ်ကပင် သေဆုံးကြလေသည်။ ရွှေတိုက်ငွေတိုက်စသော ပစ္စည်းဥစ္စာ ရတနာ တိုက်ကြီင်္းတွေများစွာ ကျန်ရစ်၏။ တစ်ဆယ့်ခြောက်နှစ်ပြည့်၍ ပညာတတ်ပြီးသောအခါ ပစ္စည်းထိန်းမင်းကြီးက ပစ္စည်းအားလုံးကို သူ့အားလွဲအပ်လေသည်။

သုမေဓါ သူဌေးသားလေး စဉ်းစားသည်မှာ ၊ ငါ ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား၊ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင်ယူသွားမည်။ ထိုသို့ စဉ်းစားပြီးလျှင် ရတနာသိုက်တို့ကို ဖွင့်၍ အလိုရှိသူယူရစ်ကြလော့ ဟု ကြွေးကြော်ကာ ဟိမ၀န္တာတောသို့ ထွက်ခွါ၍ ရသေ့ရဟန်း ပြုလုပ်သွားလေသည်။

1. SUMEDHA, A YOUNG MILLIONAIRE GIVEN AWAY HIS PROPERTY IN CHARITY.

The Future, Buddha was once born as the son of a rich man and was known as Sumedha in the very existence in which he was to make a solemn wish that he should become the Enlightened Buddha. His parents died while he was still young, leaving him many treasure vaults of gold and silver. When he was sixteen years of age and had finished his education, the Lord of the Treasury made over to him all the property left by his parents.

Sumedha the young millionaire thought to himself thus: My parents and grandparents knew only how to amass wealth but did not know to talke it away beyond death. I shall now give away my property in alms so that the merit of the deeds may follow me after death. He made a public announcement; Whoever cares to take away my property may open my treasuries and help himself to his heart's content. He than left for the Himalaya forests and became a hermit.


ဗုဒ္ဒ္စဘာသာကလျာဏယုဝအသင်း
မှထုတ်ဝေသော ရုပ်စုံဗုဒ္ဒ္စသာသနာဝင်
မှ ကူးယူဖော်ပြပါသည်။ (ရေးသားသူ အဂ္ဂမဟာဏိတ အရှင်ဇနကာဘိဝံသ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Monday, February 14, 2011

valentine's day



မချစ်မမုန်း အကောင်းဆုံး

ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊
မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။




အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း


Friday, February 11, 2011

အချစ်ကန့်လန့်ကာ ခြားလေသော်

“ပဲပြုတ်လေ မြေတောင်ပဲပြုတ် နိုင်လွန်ပဲပြုတ် ထောပတ်ပဲပြုတ်” ဒီနေ့ မနက် ပဲပြုတ်သည် မမြိုင် ဈေးအလွန် ရောင်းကောင်းသည်။ ခါတိုင်းဆို ပဲ ၂ ပြည် ၄ လုံးကို နေ့ဝက်ကျိုးအောင် အထိ ရောင်းရသည်။ မင်္ဂလာ ရပ်ကွက်တွင် သာမက အနီး အနားက ရတနာစု၊ ဥယျာဉ်တန်း ရပ်ကွက်တွေ အထိ လှည့်ရောင်းရသည်။ အခုတော့ ကိုယ့်ရပ်ကွက် လေးမှာတင် ဟိုကလည်း “မမြိုင် လာပါဦး” ဒီကလည်း “မမြိုင် လာပါဦးနဲ့ ပဲပြုတ်လေး ၅၀၊ ၁၀၀ ဖိုးလောက်ပဲ ၀ယ်ပြီး သတင်း မေးကြသည်လေ။ “ဟို ကိုသောင်းအေး သတင်းက ဟုတ်ရဲ့လား” လို့ တစ်မျိုး “ညည်းယောင်္ကျား ညက အိမ်ပြန် အိပ်ရဲ့လား” လို့ တစ်ဖုံ “ကိုသောင်းအေး အိမ်မှာရှိလား။ မိလုံးတော့ အလုပ်က ပြန်မလာလို့ သူ့အဒေါ် လိုက်ရှာနေတယ်”လို့ တစ်သွယ် လှည့်ပတ်ပြီး မေးကြသည်။ စပ်စုကြသည်။ ဘယ်လိုမေးမေး ကိုသောင်းအေး မယားငယ် ယူသွားသည့် အကြောင်း သိချင်ကြလို့ မေးမှန်း မမြိုင် သိသည်။ မမြိုင်ကလည်း ကိုသောင်းအေး ကျောက်ကားက ကိုမောင်အေး ရောက်လာပြီး...

“မမြိုင်၊ ကိုသောင်းအေး မှာလိုက်တယ်။ သူ့ကို မျှော်မနေနဲ့တဲ့။ မလုံးကို ခိုးသွားပြီလို့ မှာလိုက်တယ်”လို့ ပြောကတည်းက တစ်ယောက် ယောက်ကို ပြောချင်နေ သည်။ ခဲအိုဖြစ်သူ ကိုဖိုးထောင်ကလည်း အိမ်ပြန် မလာသေး။ အိမ်နီးချင်း မိန်းမ တွေကလည်း ဗီဒီယိုပြသည့် လက်ဖက်ရည်ဆိုင်မှာ မိသားစုလိုက် ရောက်နေကြပြီ။ ည ၁၀ နာရီကျော် ဆိုင်သိမ်းမှ ပြန်လာကြမည်။ လိုက်ပြောလို့လည်း မဖြစ်။ မနက်စောစောကလည်း ကိုယ်က ပဲပြုတ်တည်၊ သူတို့က ထမင်းချက်။ နံနက်လင်းတော့ သူတို့က အလုပ်သွား။ ကိုယ်က ပဲပြုတ်ရောင်း။ ကိုဖိုးထောင်ကတော့ အိပ်တုန်း။ ဒီတော့ မေးသူရှိတိုင်း ပြောချင် နေမိသည်။

“ကိုသောင်းအေး မယားငယ် ယူသွားပြီတော့”

“ဟယ် ဟုတ်လား။ ငါ တို့က သိနေတာ ကြာပြီ၊ မိလုံးမှ ဟုတ်ရဲ့လား”

“အစစ်ပါ”

“ညည်းက ကိုယ့် ယောက်ျား အခြေအနေ အကဲ မခတ်ဘူးလား”

“အောင်မယ် ကျုပ်များ အအမှတ်လို့၊ ကိုဖိုးထောင် ပြောတော့ ကျုပ်က ရေးတေးတေး သိနေပြီ။ ဒါပေမယ့် ဘာမှ မပြောသေးဘူး။ ကိုသက်ရှည် နာရေး အိမ်မှာကျ ကိုသောင်းအေးနဲ့ မလုံး ဒူးတင်ပေါင်တင်၊ ထိပ်ပုတ် ခေါင်းပုတ် ဖဲရိုက်နေတာ တွေ့တော့ ကျုပ်က မသင်္ကာတော့ဘူး။ ဒါလည်း ကျုပ်က ဘာမှ မပြောသေးဘူး၊ မသင်္ကာတော့ ဖြစ်လာပြီ။ ဟိုနေ့ကလည်း ကျုပ်နဲ့ကိုသောင်းအေး လက်ဖက်ရည်ဆိုင်မှာ ဗီဒီယို သွားကြည့်တော့ လမ်းမှာ မလုံးနဲ့ တွေ့တယ်။ အောင်မယ် ကျုပ်ရှေ့မှာ ဒင်းက အစ်ကိုသောင်း မုန့်ဖိုးပေး ဆိုပြီး အိတ်ကပ်ထဲ အတင်း ဇွတ်နှိုက်တာ။ ကျုပ်က မျက်စောင်း ထိုးပစ်လိုက်တယ်။ မပြော သေးဘူး”

မမြိုင် စကားကြောင့် မေးမိသည့် သူတွေ သနား ရတော့မလို၊ ရယ်ရတော့မလို ဖြစ်သွားသည်။ စိတ်လည်း မရှည် ချင်ကြတော့ပေ။
“ကဲ မမြိုင် ညည်းက မပြောသေးတာနဲ့၊ အကဲ ခတ်တာနဲ့ ပါသွားပြီ မဟုတ်လား” လို့ ကရုဏာ ဒေါသော ပြောကြသည်။
“ဒါတော့တော် ကျုပ် ကွယ်ရာမှာ ဆိုတော့ ဘာတတ် နိုင်မှာလဲ။ ကျုပ်ရှေ့မှာ ဆိုရင် မလုံးဆိုတဲ့ ကောင်မကို ပါးရှစ် စိတ်ကွဲအောင်ထိ ရိုက်ပစ်မှာပေါ့။ မမြိုင်တဲ့ တစ်မြိုင်တည်း ရှိတာ” မမြိုင်ကတော့ မေးသူ ရှိတိုင်း အားရပါးရ ဒီစကားပဲ ပြောနေတော့သည်။

မမြိုင်ယောက်ျား ကိုသောင်းအေးက ကျောက် ကားမောင်းသည်။ ကိုသောင်းအေးအစ်ကို ကိုဖိုးထောင်က မင်္ဂလာ ရပ်ကွက်ကို အရင်ရောက်သည်။ မြင်းခြံနယ်က မိဘတွေဆုံး တော့ ညီအစ်ကို နှစ်ယောက် အမွေခွဲပြီး ကိုဖိုးထောင်က မန္တလေး တက်လာသည်။ ကိုသောင်းအေးကတော့ မိုးကုတ် ကျောက်တွင်းတွေဘက် ရောက်သွားသည်။ အိမ်ထောင် ကျလိုက်သေးသည်။ အိမ်ထောင်ကွဲပြီး အစ်ကိုဆီ ရောက်လာသည်။

ကိုဖိုးထောင်က မြို့ ရောက်တော့ မြေတူး၊ကျောက် ကားလိုက်သေးသည်။ လူက နုနုဆိုတော့ အလုပ်က သိပ် မလုပ်နိုင်။ ရိုးရိုးအအ ဆိုတော့ ကောင်မလေးတွေက ညာပြီး မုန့်ဖိုးတောင်းလိုက်၊ မုန့်ဝယ် ကျွေးခိုင်းလိုက်နဲ့ ဆိုတော့ လုပ်ခရှင်းရင် လက်ထဲ တစ်ပြားမှ မကျန်ပေ။ မန္တလေးမှာ ရောက်နေသည့် ရွာဆွေရွာမျိုးတွေက “ဖိုးထောင် နင့်ရှိသမျှ ပိုက်ဆံတွေကို ကောင်မလေးတွေက ချူ၊ ဟိုလူကချေး၊ ဒီလူက တောင်းနဲ့ ကုန်တော့မှာပဲ မြေလေးနဲ့ အိမ်လေးဝယ်”ဆိုပြီး ချောင်ကျကျနေရာမှာ ၁၅ ပေ၊ ပေ ၂၀ မြေလေးရှာဝယ် ပေးကြသည်။ ၂ ခန်းယောင် ၁ ခန်းကျယ် ပတ်လည် ဒူး တုပ်အိမ်လေး ဆောက်ပေးကြသည်။ ထရံကာ၊ ကပ်မိုး၊ ၀ါးခြမ်းခင်း ဖြစ်သည်။

နောက်ပါသည့် ငွေနဲ့ ဆိုက်ကားတစ်စီးဝယ်ခိုင်းပြီး ဆိုက်ကား နင်းစေကြသည်။ ကိုဖိုးထောင်က လူပျိုကြီး ရိုးရိုးအအ အသောက် အစားမရှိ။ အလုပ်လည်း ကြိုးစားသည်။ ဒါကြောင့် သူငယ် ချင်းတစ်ယောက်က...
“ဖိုးထောင် ငါ့တူမ သဘောကျလား”လို့ ရေလာ မြောင်းပေးစကား ပြောတော့
“မကြိုက်ပါဘူးဗျာ။ အသားကမည်း၊ သွားကခေါ နဲ့ ရည်းစားလည်းရှိသေး၊ အစားလည်းပုပ်သေး၊ ဗီဒီယိုလည်း ကြိုက်သေး”လို့ ပြောနေလို့ စကား မဆုံးခင်

“ဟေ့ကောင် ဖိုးထောင် တော်တော့ မင်းကို ငါ့တူမ ကြိုက်လားမေးတာ၊ ငါ့တူမ အပြစ်တွေ ပြောခိုင်းတာ မဟုတ်ဘူး။ ဟား ဟား ဟား မိန်းမ တစ်ယောက်ကို အပြစ်တွေပဲ မြင်နေမှတော့ ဒီတစ်သက် မင်းမိန်းမ ရတော့မှာ မဟုတ်ဘူး”လို့ပြောကာ မှတ်ချက်ချဖူးသည်။

တကယ်တော့ ကိုဖိုး ထောင်မှာ အချစ်ရှိသည်။ ပဲပြုတ်သည် မမြိုင်ကို ကြိုက်နေသည်။ မမြိုင်ကလည်း အပျိုကြီး၊ အသားမည်းမည်း၊ ပိန်ပိန်ရှည်ရှည်ပါပဲ။ ဒါပေ မယ့် မမြိုင် အသံလေးကို ကြိုက်နေသည်။
“ပဲပြုတ်သည်လေ”

လေအေးအေး ဆွဲဆွဲ ငင် ငင်အသံလေး ကြားရင် အိပ်ရာက လန့်နိုးသည်။ မျက်နှာ သစ်ဖို့ရာ သတိမရသေး။ ပန်းကန်လေး ဆွဲပြီး ၀င်း ပေါက်ထွက်ရပ်နေသည်။ မမြိုင်ရောက်လာလျှင် ပဲပြုတ် ၀ယ်သည်။
“တော့ဟာက နေ့တိုင်း ငါးဆယ်ဖိုးလား”

မမြိုင်ကမေးတော့
“ဒါ ဒါဆို တစ်ရာဖိုးဗျာ”လို့ပြောပြီး ၀ယ်သည်။

“တော်က ပဲကြိုက်သားပဲ”

မမြိုင်ကပြောတော့ ကိုဖိုးထောင် ခေါင်းကြီးငုံ့နေ သည်။ တကယ်တော့ ကိုဖိုးထောင်က တောသားပေမယ့် ပဲ မကြိုက်။ ဘုရားကိုပဲနဲ့ ဆွမ်းတော်တင်ပြီး
“တပည့်တော်ကို ပဲသည်မ ကြိုက်ပါစေဘုရား”လို့ ကြိတ်ပြီး ဆုတောင်းရသည်မှာ နိစ္စဓူဝဖြစ်သည်။

ကိုဖိုးထောင် မမြိုင်ကို လက်ထပ်ခွင့် တောင်းဖို့ သူငယ်ချင်းတွေကို အကူ အညီတောင်းရန် ဆုံးဖြတ် လိုက်သည်။ ထိုအချိန်တွင် ညီဖြစ်သူ ကိုသောင်းအေး ရောက်လာသည်။ မိန်းမနဲ့ ကွဲလာသည်။ စီးပွားရေး ပျက်လာသည်။ ငှက်ဖျားလည်း မိလာသည်။ ဆေးကုပေးရသည်။ အဖျား ပျောက်တော့ ကျောက်ကား လိုက်သည်။ ကိုသောင်းအေးကပဲ ကြိုက်သည်။

“ပဲက ပူပူနွေးနွေးလေး ဆိုတော့ ထမင်းပူပူနဲ့များ ဆီ ဆမ်းစားရရင် နတ်သုဓာနဲ့ ဘယ်လဲနိုင်မလဲ၊ ဟဲဟဲဟဲ”

“တော်က နတ်သုဓာ စားဖူးလို့လား” မမြိုင်က အံ့သြစွာမေးသည်။
“ဟဲ ဟဲ အလှူတွေမှာ ကျွေးတဲ့ နတ်သုဓာ စားဖူးတာပေါ့”

ပဲဝယ်တိုင်း ၀င်းပေါက် ရှေ့အထိ ကိုသောင်းအေးလည်း လိုက်လာပြီး မမြိုင်ကို စကား ပြောတတ်သည်။ ကိုသောင်း အေးက ကိုဖိုးထောင်လို မဟုတ်။ မိန်းမတွေ အထာသိသည်။ ကျတတ်သည့် စကား ပြောတတ်သည်။ ဒီတော့ ကိုသောင်းအေးနဲ့ မမြိုင်က ရင်းနှီးသွားသည်။ မကြာပါဘူး၊ ကိုသောင်းအေးနဲ့ မမြိုင် ရသွားသည်။ ကိုဖိုးထောင်မှာ ရင်ကွဲရပေမယ့် ညီအတွက် မိန်းမ သွားတောင်း ပေးရသည်။

မမြိုင်က တောက။ ဦးလေး မိသားစုနဲ့ လာနေသည်။ ရွာက အမေအိုကြီးကို လှမ်းထောက်နေရသည်။ ကိုသောင်းအေးနဲ့ မမြိုင်ကို ဘုန်းကြီး ၃ ပါးဆွမ်းကပ်ပြီး လူကြီး ၄၊ ၅ ဦး ဖိတ်ကာ မင်္ဂလာ ဆွမ်းကျွေးနဲ့ မင်္ဂလာ ပြုလိုက်သည်။ မမြိုင်က ကိုသောင်းအေးနောက် လိုက်လာသည်။ ဒီတော့အိမ်ကို အလယ်က ကြိုးတန်းပြီး စောင်ကာကာ အနောက်ခန်းကို မင်္ဂလာခန်း အဖြစ် လုပ်ပေးလိုက်ရသည်။

“ခွေးမြီးကောက် ကျည်တောက်စွပ်”ဆိုသလို အသောက်အစား၊ အပျော် အပါးမက်သော ကိုသောင်းအေး တစ်ယောက် စီးပွားရေးလေး အဆင်ပြေလာတော့ သောက်စားလာသည်။ လောင်းကစား လာသည်။ ရသည့်ဝင်ငွေ မိန်းမကို ပုံမှန် မအပ်တော့ပေ။ မမြိုင်ကလည်း ကိုသောင်းအေးက ငွေအပ်လျှင် ယူလိုက်သည်။ တောင်းလျှင် ပေးလိုက် သည်။ တစ်ပတ်တစ်ပတ် အပ်သည့်ငွေထက် တောင်း သည့်ငွေက ပိုများသေးသည်။

ရပ်ကွက်ထဲတွင် နာရေး ရှိလျှင် ဖဲရိုက်ရန် အတွက် သူက အပ်အပ်၊ မအပ်အပ် ငွေတောင်းတတ်သည်။ မမြိုင် ကလည်း သူ့လက်ထဲရှိ သလောက် ထုတ်ပေးသည်၊ မရှိလျှင် ထုတ်မပေးနိုင်သည့် အခါ စကားများရသည်။ တစ်ခါတလေ ကိုသောင်းအေးက မမြိုင်ကို ရိုက်သေး သည်။ ကိုသောင်းအေးတို့ လင်မယား ရန်ဖြစ်လျှင် ကိုဖိုး ထောင်က ၀င်မပြော။ ရှောင် နေတတ်သည်။ မမြိုင် ကလေး နှစ်ယောက်ရတော့ ကိုသောင်း အေးသည် အသောက်အစား လောင်းကစား အပြင် မိန်းမ ကိစ္စပါ ရှုပ်လာသည်။ ကိုဖိုး ထောင်က ကြားတော့
“မမြိုင် သောင်းအေးကို ထိန်းဦး”လို့ သတိပေးသည်။

“ကလေးမှ မဟုတ်တာ ဘာကို ထိန်းရမှာလဲ”
မမြိုင်က အံ့သြစွာမေး သည်။
“အ လိုက်တာဟာ၊ ဟို က နောက်မိန်းမ ယူတော့မှာ လို့ပြောတာ”

“ကျုပ်ကတော့ မယုံပေါင်။ ကိုသောင်းအေးက ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုလည်း ချစ်တယ်လို့ ရန်ဖြစ်ပြီးတိုင်း ပြောတာ”

မမြိုင်စကားကြောင့် ကိုဖိုးထောင် ခေါင်းကုတ်ပြီး
“အ လိုက်တာဟာ”လို့ ပြောပြီး အိမ်က ပြန်ထွက်သွားသည်။ မမြိုင်ခမျာ ပြောသာ ပြောလိုက်ပေမယ့် ကိုသောင်းအေးနဲ့ မလုံးကို မသင်္ကာချင်။

“ကိုသောင်းအေး တော် နဲ့ မလုံး ကြိုက်နေတာလား” လို့ မေးတော့လည်း
“ပေါက်ပေါက်ရှာရှာ ကွာ၊ ကျောက်ကားလိုက်သူ ချင်းမို့ ရင်းနှီးတာပါ။ ငါပြောထားတယ် မဟုတ်လား ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုပဲ ချစ်တယ်” လို့ ပြောသည်။

နောက်ပြီး တစ်ရပ်ကွက်တည်းမို့ မလုံးအကြောင်း သိရသည်။ မလုံးက အပျို မဟုတ်။ ကလေးတစ်ယောက် အမေ မုဆိုးမ။ ပုပု ၀၀။ မမြိုင်စိတ်ထဲတွင် သူ့ လောက်မလှဟု ထင်နေသည်။ ကိုသောင်းအေး စကားပဲ ယုံနေသည်။ သို့သော် ကိုသောင်း အေးက မလုံးကို ခိုးပြေးသွား သည်ဆိုတော့ မမြိုင် ပါးစပ် အဟောင်းသား ဖြစ်ကျန်ရစ်သည်။

တစ်ပတ်လောက်ကြာ တော့ ကိုသောင်းအေး အိမ်ပြန် ရောက်လာသည်။ မလုံးတော့ မပါသေး။
“မမြိုင်ရာ ငါမှားပါတယ်ဟာ။ ကောင်မလေးက အဒေါ်နဲ့ နေရတာ၊ အဒေါ့် ယောက်ျားက ကြည်တာ မဟုတ်ဘူး။ ကလေးတစ်ယောက်နဲ့ ဆိုလို့ ငါက သနားလို့ ယူလိုက်တာပါ။ မင်းလောက် မချစ်ပါဘူး။ ဒါပေမယ့် မလုံးက သဘောထား ကြီးတယ်။ မမမြိုင် ဆူဆူ၊ ရိုက်ရိုက်ခံပါ့မယ်။ နှစ်ယောက်ပေါင်းဆို ပေါင်းပါ့ မယ်တဲ့”
ကိုသောင်းအေးက လေချိုသွေးသည်။

“အောင်မလေးတော် တစ်လင်တည်း မယားနှစ် ယောက် ပေါင်းရမယ်လို့ ကျုပ်ကတော့ ခွေးဇာတ် မခင်းနိုင်ပေါင်တော်”

မမြိုင်က ခါးခါးသီး သီး ငြင်းသည်။
“စဉ်းစားပါကွာ။ ငါတို့မှာ ကလေးတွေ ရှိတယ်။ မင်းက နှစ်ယောက် မပေါင်းနိုင်ရင် ဘယ်လို လုပ်မလဲ။ သူ့ အဒေါ်ကလည်း လက်မခံဘူး။ အိမ်ငှား နေရအောင်က လည်း အုံနာက ငါတို့ နှစ်ယောက်ကို အလုပ်ထုတ် လိုက်လို့ လောလောဆယ် ငွေ ရှာဖို့ ခက်နေတယ်။ ဒါကြောင့် ဒီအိမ်မှာပဲ ပြန်နေရမှာ”

“မသိဘူးတော်၊ ကျုပ် ကတော့ နှစ်ယောက် မပေါင်းနိုင်ဘူး။ သူ့ဖြတ်ရင်ဖြတ်၊ ကျုပ်ဖြတ်ရင်ဖြတ်”

မမြိုင်က မာမာထန်ထန် ပြောတော့ ကိုသောင်းအေး ဒေါသ ဖြစ်သွားသည်။ခါတိုင်း ဒီလိုမှ မပြောဖူးဘဲ ကိုး။
“အောင်မာ ဒီလောက် ခေါင်းမာတာ သောင်းအေး အကြောင်း မသိဘူးလား”ဆိုပြီး မမြိုင်ပါးကို “ဖြန်းခနဲ ဖြန်း ခနဲ”ဆင့်ကာ ရိုက်သည်။ မမြိုင်ကလည်း
“အရပ်ကတို့ရေ၊ မိန်းမ နှစ်ယောက်ယူတဲ့ သူက ကျုပ်ကို နှိပ်စက် နေပါပြီတော့”လို့ အော်သည်။
အိမ်နီးချင်းတွေ ရောက် လာကြသည်။

“မင်းတို့ ကိစ္စက ဒီလို ဖြေရှင်းလို့မရဘူး။ လူကြီးနဲ့ ဖြေရှင်းမှရမှာ”ဆိုပြီး ရပ်ကွက် ရုံးခေါ်သွားကြသည်။
“ကဲ ဘာဖြစ်တာလဲ” ရပ်ကွက်လူကြီးက မေးတော့ ကိုသောင်းအေးက နှစ်ယောက်ပေါင်းဖို့ ပြောသည်။ မမြိုင်က မပေါင်းနိုင် ကြောင်း ပြောသည်။
“ကဲ မင်းက ဒီလောက် တောင်ရှိတာ ငါ မလုံးကိုပဲ ပေါင်းမယ်ကွာ၊ မင်း အိမ်ပေါ်ကဆင်း”

ကိုသောင်းအေးက မျက်နှာထားနဲ့ ပြောသည်။ မမြိုင် မျက်နှာငယ်လေး ဖြစ်သွားသည်။ ထိုအချိန်တွင် ကိုဖိုးထောင် ရုံးထဲရောက်လာ သည်။ မမြိုင် အားတက်သွားသည်။
“ကွာရင် ကျုပ်တို့ သားအမိတစ်တွေ အိမ်ပေါ်က ဆင်းရမှာလား”

မရဲတရဲ မေးသည်။
“ဟ ဆင်းရမှာပေါ့ဟ၊ ဒါ ငါတို့ အိမ်ဥစ္စာ။ မင်းတို့ မဆင်းရအောင်လို့ ပြောနေတဲ့ ဥစ္စာ မင်းမှ နားမလည်ဘဲ” ကိုသောင်းအေးက ခပ်တည်တည်ပြောသည်။
“ဒီအိမ်က ငါဝယ်ထား တာကွ”

ကိုဖိုးထောင်က ၀င်ပြောသည်။
“ကိုဖိုးထောင် ၀ယ်ပေမယ့် မိဘပိုက်ဆံနဲ့ ၀ယ်ထားတာလေ။ ကျုပ်ဆိုင်တယ်။ မမြိုင်နဲ့ မဆိုင်ဘူး။ ကျုပ် လက်ထက်ပွား မဟုတ်ဘူး။ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ပဲ ဆိုင်တာ”
ကိုသောင်းအေးက ခပ်တည်တည် ဆက်ပြောသည်။ ကိုဖိုးထောင် ဇဝေဇ၀ါ ဖြစ်သွားသည်။

“ဥက္ကဋ္ဌကြီး ဟုတ်လား”

“ဒါတော့ အမွေကိစ္စ တရားရုံးနဲ့ပဲ ဆိုင်တယ် ရပ်ကွက် ရုံးကတော့ လူမှုရေးပဲ ဖြေရှင်းနိုင်တာ”
ရပ်ကွက်လူကြီးက ရှင်းပြသည်။

“ကျုပ်က သူ့ကို မပေါင်းနိုင်ဘူး။ အိမ်က ဆင်းသွားရမယ်ဆိုတော့ ဘယ် သွားနေရမှာလဲ။ အိမ်ငှားစရာ ပိုက်ဆံလည်း မရှိဘူး”

မမြိုင်က ငိုမဲ့မဲ့နဲ့ ပြော သည်။
ကိုဖိုးထောင်က မမြိုင် ကို ငေးကြည့်နေပြီး
“ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး မမြိုင်”လို့ပြော ပြီး မမြိုင်ကို အော်ခေါ်လိုက်သည်။

မမြိုင်က မျက်စိပြူးပြီး ကိုဖိုးထောင်ကို လှမ်းကြည့် လိုက်သည်။ အားလုံးက လည်း ကိုဖိုးထောင် ဘာပြော မလဲလို့ ငေးကြည့်နေကြသည်။ တော်တော်နဲ့ စကား မပြောသေး။ ဘာပြောမှာလဲ သိချင်နေကြသည်။ ကိုဖိုးထောင်က စကားပြောရန် မေးကြောကြီးများ ထောင် သည်အထိ အားယူလိုက်ပြီး
“မမြိုင် ဒီခွေးကောင်ကို ကွာလိုက်။ ငါ့အခန်းမှာ နင်တို့ သားအမိလာနေ။ ငါ ကင်းတဲ သွားအိပ်မယ်”လို့ ပြောပြီး ထွက်သွားသည်။
“ဟုတ်တယ်။ ကျုပ်လည်း ပြတ်သားရမယ်။ ချင်းစိမ်းနဲ့ မိဿလင်လိုပေါ့။ ကျုပ်နဲ့ ကိုသောင်းအေးကို ကွာပေးပါ ဥက္ကဋ္ဌကြီး”

မမြိုင်ကလည်း ရဲဝံ့စွာ ပြောလိုက်သည်။
ရပ်ကွက်ရုံးမှာ ကိုသောင်းအေးနဲ့ မမြိုင်ကွာရှင်း စာချုပ် လုပ်ပြီး ကိုသောင်းအေးနဲ့မလုံး လက်ထပ်စာချုပ် လုပ်လိုက်ကြသည်။

မနက်ရောက်တော့ ထုံးစံအတိုင်း မမြိုင်က ပဲပြုတ်ထွက်ရောင်းသည်။ ပဲပြုတ်ကလည်း ရောင်း ကောင်းသည်။ ခေါ်သူ လက်မလည်ပေ။
“မမြိုင် နင်နဲ့ကိုသောင်း အေး ကွာလိုက်ပြီဆို”

“ဟုတ်ပါ့”
မမြိုင်က မျက်နှာမော့ ပြီးပြောသည်။

“ကိုသောင်းအေးနဲ့ မလုံးတို့ သားအမိ ကိုဖိုးထောင် အိမ်မှာပဲဆို၊ အတူ နေကြတာ ပေါ့”

“အတူမနေပါဘူး။ သူ တို့က အနောက်ခန်း အိပ်တာ။ ကျုပ်တို့ သားအမိက ရှေ့ခန်း အိပ်တာ”

“ဟို ဟို မရှက်ဘူးလား”

“အို ဘာလို့ ရှက်ရမှာလဲ၊ ကြားမှာ စောင်ကာထားတယ် လေ”
မမြိုင် စကားကြောင့် ကြားရသူ အပေါင်း ပါးစပ် ဟောင်းလောင်း ဖြစ်ကျန်ခဲ့သည်။

“ပဲပြုတ်လေ မြေတောင် ပဲပြုတ်၊ နိုင်လွန်ပဲပြုတ်၊ ထောပတ်ပဲပြုတ်”
မမြိုင်ကတော့ ပဲဆက် ရောင်းနေလျက်...။

written by မင်းတင်ထွဏ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

Wednesday, February 9, 2011

MAOI မှအိမ်ထောင်ကျပြီးသော သူငယ်ချင်းများအတွက်

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား?

အောက်ကစာကို ဆက်ဖတ်ပါ…

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက
ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို
တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ
မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား
တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှုနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့
ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။
ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။
သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့
ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊
အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။
အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက
မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက်
ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွားရှာနေသလို သူလည်း
အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ
လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ
အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် ”
မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ ” မပင်ပန်းပါဘူး.. အပြင်ထွက်
အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက
လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း
ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့်
လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ
ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို
ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။
သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း
ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ
ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး
ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊
စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က
ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။
မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို
ကြည့်ရှုခံစားသလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။
သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။
သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။
သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်
ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ… ယောက်ျားတစ်ဦးရဲ့
ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက်
ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့
သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့
နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက်
အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ
မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ
စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။
အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။
ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ
မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။
အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန် မဖြစ်ဖို့
သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု
စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ
ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ
ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို
သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။
လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့်
တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး
ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ
တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို
ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို
ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ
နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော
တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့
မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင်
မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို
ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ
အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း
လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။
အားပေးပါ။ ခွင့်လွတ်ပေးပါ။

ဒါတွေ သင်သိထားဖို့ လိုလိမ့်မယ်နော်။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေတာပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

အသံနဲ့ အမှားနှောမှာလား ၊ ဉာဏ်နဲ့စကားပြောမှာလား

ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည်။ ။




ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှ
ပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာကိုပဲပြောပါ။ မပြောသင့်တာကို လုံးဝမပြောပါနဲ့။ ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။ လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။ မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။ အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။ လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ပြောဖို့လိုသလား ၊ မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့် ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။

ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊ ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊ တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။
အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သားအကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့ အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရား ပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊ အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊ ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ် လိုအပ်မှပြောတာပဲကောင်းပါတယ်။ လောလောဆယ်ပြောဖို့မလိုအပ်သေးရင် တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ် လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။ နောက်တစ်နာရီမှပြောသင့်တဲ့စကား နောက်တစ်နာရီမှပြောပါ။ သတိရတုန်း ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။ နောက်တစ်ရက်မှပြောသင့်တဲ့စကား နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။ ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့် စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။ လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Tuesday, February 8, 2011

၂၄ ပစ္စည်း ပဌာန်း ရုပ်ပြစုံ

( ၂၄ ပစ္စည်း ပဌာန်း ရုပ်ပြစုံ )





ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏
အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊
အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော
ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။




ကြိုးလွန်၊ တောင်ဝှေး အစရှိသည် သည် မစွမ်းနိုင်သူလူအပေါင်းအား ဆွဲရာ၊ ထောက်ရာ
အားဖြင့် ကျေးဇူးပြုသကဲ့သို့ ရူပါရုံအစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏
လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ၊ ထောက်ရာ၊ အာရုံပြုရာအားဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရမ္မနပစ္စည်း



လေးကျွန်းသနင်း သကြာမင်းသည်၊ စက်တွင်းအာဏာ၊ ပိုင်ထိုက်ရာဟူ၊ ခပ်သိမ်းလူကို၊
ပြိုင်သူဝေးကွာ၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်ပြုစေအပ်သည်၊
ခြောက်ရပ်အာရုံ၊ လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ တို့၏ မိမိဆိုင်ရာ၊ နာမ်ခန္ဓာနှင့်၊
သဟဇာတ်မှန်၊ နာမ်ရုပ်များစွာ၊ ငါးခန္ဓာကို၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသည့် အဓိပတိပစ္စည်း။



စတုဒီပ၊ စက္ကိန္ဒသည် သားလှသည်းချာ သြရသာကို နန်းလျာထီးဖြူ ဆောင်းနှင်းမူလျက်
နတ်ရွာတက်၏ သို့၊ ပဋိသန္ဓေ အစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့၏ ထင်ရှားမရှိ
ချုပ်လေခြင်းဖြင့် ပထမဘဝင်အစရှိသော နောက်နောက်သော နာမက္ခန္ဓာတို့အား
မိမိ၏ အခြားမဲ့ ၌ ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အနန္တရပစ္စည်း။



လေးကျွန်းရောင်ရှိန်၊ တောက်လောင်ထိမ်သည့် ဘူမိန္ဒရာဇ် စောသနစ်၏ ချစ်သားသြရသာ
ဥပရာကို နန်းလျာဆောင်နှင်း အလှည့်သွင်းလျက် တောထွက်ခြင်းအမှု့သည်
ထိုသားကြီးရတနာအား မင်းအဖြစ်ကိုရ စေခြင်းငှာကျေးဇူးပြုသကဲ့သို့ နောက်နောက်သော
နာမက္ခန္ဒာတို့အား ဖြစ်ခွင့်ပေးသော ရှေးရှေးသော နာမက္ခန္ဒာတို့၏ ချုပ်ပျောက်ခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော သမနန္တရပစ္စည်း။



ဆီမီးတောက်သည် မိမိတောက်ထွန်းသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ဖြစ်စေသကဲ့သို့၊
ဝေဒနက္ခန္ဓာ အစရှိသည်တို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား လည်းကောင်း၊ ပထဝီအစရှိသော
မဟာဘုတ်တို့၏ ကြွင်းသော မဟာဘုတ်ဥပါဒါရုပ်တို့အားလည်းကောင်း၊ မိမိနှင့် မရှေးမနှောင်း
တစ်ပေါင်းတည်းဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတပစ္စည်း။



အခြေလေးခု၊ အခြေနှစ်ခုရှိသော သတ္တဝါတို့၏ ထို အခြေလေးခု အခြေနှစ်ခုတို့သည်
အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုသကဲ့သို့ ၊နာမက္ခန္ဒာလေးပါးတို့၏ လည်းကောင်း၊ မဟာဘုတ်လေးပါးတို့၏
လည်းကောင်း၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဒာနှင့် ဟာဒယ ဝတ္ထုတို့၏ လည်းကောင်း
အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အညမညပစ္စည်း။



မြေကြီးအစရှိသည်သည် သစ်ပင်နွယ် သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့၊ စက္ခုအစရှိသော
ခြောက်ပါးသောဝတ္ထုရုပ်တို့၏ စက္ခုဝိညာဏ် အစရှိသော ခုနှစ်ပါးသော ဝိညာဏ်တို့အား
ရှေး၌ မှီရာဖြစ်၍ ကျေးဇူးပြုခြင်း၊ ပုဆိုး အစရှိသည်သည် ပန်းချီ ဆေး အစရှိသည် တို့၏
တကွမှီရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဒာ လေးပါး မဟာဘုတ်လေးပါးတို့၏
မိမိမှကြွင်းသော နာမက္ခန္ဒာ မဟာဘုတ် စိတ္တဇရုပ် ဥပါဒါရုပ် တို့အား အကွမှီရာဖြစ်၍
ကျေးဇူးပြုခြင်း လက္ခဏာရှိသော နိဿယပစ္စည်း။



မိုးတွင်းလေးလပတ်လုံးရွားသောမိုးကြီးသည် မိုးကိုမှီကုန်သော မြက်၊ သစ်ပင်တို့အား
တစ်နေ့တစ်ခြား တိုးပွားစည်ပင်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ၊ ရှေးရှေး၌ ဖြစ်သော ကုသိုလ်၊
အကုသိုလ်၏ နောက်နောက်မှဖြစ်သော ကုသိုလ်၊ အကုသိုလ်တို့အား တရွေ့ရွေ့ တိုးပွား
အားရှိစေသောအားဖြင့် အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော
ဥပနိဿယ ပစ္စည်း။



ကမ္ဘာဦးက ကွန့်မြုးရောင်ရွှန်း နေလဝန်းတို့သည် အလင်းကိုမှီကုန်သော သတ္တဝါတို့အား
ရှေး၌ ဖြစ်၍ ထိုထိုအလိုရှိအပ်သော အမှု့ကြီးငယ်တို့ကို ပြီးစေခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေး၌ ဖြစ်သောဝတ္ထုခြောက်ပါးတို့၏ နောက်၌ ဖြစ်သော နာမက္ခန္ဒာတို့အား ဆွဲမှီရာပြုလျက်
ရှေ့၌တည်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပုရေဇာတပစ္စည်း။



အစာမစား၊ ဖွားစနုနယ် ဠင်းတငယ်တို့၏ နောင်ဝယ်စားရလတ္တံဟု ချင်ခြင်းစေတနာသည်
ထို ဠင်းတငယ်တို့အား ခန္ဓာမကြေ၊ မသေမပျောက်၊ မွှေးတောင်ပေါက်၍ အလျောက်ဘာသာ
ကြီးမြင့်လာအောင် ကောင်းစွာကျေးဇူးပြုသကဲ့သို့၊ နောက်၍ဖြစ်သော ပဉ္စဝေါကာရ နာမက္ခန္ဒာ
တို့၏ ရှေး၌ ဖြစ်သော ရူပက္ခန္ဓာတို့အား မချုပ်မပျောက် တစ်ဆယ်ခုနှစ်ချက် စိတ္တက္ခဏတိုင်
ရောက်အောင် အသက်ရှည်စေခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ပစ္ဆာဇာတပစ္စည်း။



ရှေးရှေးလိမ်းကျံအပ် ထုံအပ်သော အရက်၊ နံသာ၊ အစရှိသည်တို့၏ အနံသည်
နောက်နောက် ထုံအပ်သော အရက် နံသာ အစရှိသည်တို့အား အတိုင်းထက်အလွန်
အခိုး အနံ့ထွက်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေး၌ဖြစ်သော ပထမဇော
အစရှိသည်တို့၏ နောက်နောက်ရှိသော ဒုတိယဇော အစရှိသည်တို့အား
အဆင့်ဆင့်တိုးပွားအားရှိစေသဖြင့် အဖန်တလဲလဲ မှီဝဲထုံတတ်သော အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှီသော အာသေဝနပစ္စည်း။




သရက်၊ မာလကာ၊ တမာ၊ ခွေးတောက်ပင် အစရှိသည်တို့၏ မျိုးစေ့သည် ထိုထို သရက်
မာလကာ တမာ ဖွေးတောက်ပင် အစရှိသည်၏ ပေါက်ရောက်ကြောင်းဖြစ်သကဲ့သို့ ကုသိုလ်၊
အကုသိုလ် အစရှိသောစေတနာတို့၏ အခုဘဝ သဟာဇာတဖြစ်သော ရုပ်နာမ်တရားတို့
အားလည်းကောင်း နောက်နောက်သော ခဏ နောက်နောက်သော ဘဝတို့၌ ရလတ္တံ့သော
ဝိပေါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား လည်းကောင်း ဖြစ်ကြောင်းဖြစ်၍၊ ဝှာ ဖြစ်စေခြင်းငှာ
ပြုပြင်တတ်သည်ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ကမ္မပစ္စည်း။



ချမ်းအေးခြင်းသဘောကိုဖြစ်စေဘိသကဲ့သို့ သာယာဖြေးညှင်း သိမ်မွေ့ခြင်းလက္ခဏာ၇ှိသော
အကျိုးဝိပေါက် နာမက္ခန္ဒာ တို့၏ သာယာဖြေးညှင်း သိမ်မွေ့ခြင်းသဘော၇ှိသော
သဟာဇာတ်ဝိပါက် ရုပ်နာမ်တရားတို့အား သိမ်မွေ့စွာဖြစ်စေခြင်း လက္ခဏာရှိသော ဝိပါကပစ္စည်း။



တိုင် အစရှိသည်သည် ထုပ်၊ လျောက်၊ ခြင်၊ ခံ၊ နံရံ၊ အမိုး စသည်တို့အား
ထောက်ပံ့တည်တံ့စေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဖဿ၊ စေတနာ၊ ဝိညာဏ်၊
ကဗဠီကာရအာဟာရဟု ဆိုအပ်သော အာဟာရတရားလေးပါးတို့၏
သဟဇာတ်ရုပ်နာမ်တို့အား ထောက်ပံ့ဆောင်ရွက်သောအားဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော အာဟာရပစ္စည်း။



မြို့ပြကျေးရွာ သီးသန့်ပေး၍ မွေးကျွေးခန့်ထား မူးမတ်များတို့သည် အချင်းချင်းအစိုးရခြင်း
သတ္တိကို မဖြစ်မူ၍ မိမိပိုင်ရာ အာဏာအတွင်း လူခပင်းကို နှိမ်နင်းလွမ်းမိုး အစိုးရခြင်းဖြင့်
ကိုးစားအားပြုရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမက္ခန္ဓာ လေးပါးတို့၏ သဟဇာတ်ဖြစ်သော
ရုပ်နာမ်တရားတို့အား တကွဖြစ်၍ အစိုးရခြင်း၊ စက္ခုအစရှိသော ဝတ္ထုခြောက်ပါးတို့၏
စက္ခုဝိညာဏ် အစရှိသော သတ္တဝိညာဏဓာတ်တို့အား ထိုက်လျောက်သည့်အားလျော်စွာ
ရှေ့၌တည်၍အစိုးရခြင်း ရုပ်ဇီဝိတိနြေ္ဒ၏ ကလာပ်တူ ကမ္မဇရုပ်တို့အား တစ်ကွဖြစ်၍
အစဉ်စောင့်ရှောက်သောအားဖြင့် အစိုးရခြင်း ဤသို့ဆိုအပ်ခဲ့ပြီးသော
အစိုးရခြင်းဖြင့်ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဣန္ဒြိယပစ္စည်း။




ကြီးလှခွန်အား စွမ်းပကားနှင့် တောင်ဖျားတောင်ပေါ် တက်မျှော်နိုင်သူသည် အားပါးနွဲ့လျ
မစွမ်းကြ၍ အောက်ကနေသူလူအပေါင်းတို့အား အဝေးအနီး အကြီးအငယ်မဆို
ထိုထိုအရပ်၍တည်သော အလိုရှိအပ်သောဝတ္ထုတို့ကို ထင်း၇ှားရှု့စေ သိစေခြင်းငှာ
ပြောကြားခြင်းအားဖြင့်ကျေးဇူးပြုသကဲ့သို့ ဝိတက် ဝိစာရ အစရှိသော ဈာနင်တရားငါးပါးတို့၏
သဟာ ဇာတ်ရုပ်နာမ်တို့အား ထိုထိုသောအာရုံ ဝတ္ထု အမှုကြီးငယ် တို့၌ ပျော်ပိုက်
ကျက်စားနိုင်စေခြင်းငှာကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဈာနပစ္စည်း။




သားရဲရှိရာ ဤမှာဖက်မှ သားရဲကင်းရာ ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး
ပညာရှိသည် ကုတို့စီးသူလူအပေါင်းအား သားရဲဘေးဒဏ် ရမ္မက်ကင်းရာ
ဟိုမှာဖက်သို့ ရောက်စေကြောင်းဖြစ်သကဲ့သို့ ၊ ကုသိုလ် ဝိပါက် ကရိယာ မဂ္ဂင်တရားရှစ်ပါးတို့၏
သဟဇာတ်ရုပ်နာမ်တရား တို့အား မဲညစ်သော သာဝဇ္ဇအကုသိုလ်အဖြစ်မှ ဖြူစင်သော
အနဝဇ္ဇအဖို့သို့ ရောက်ကြောင်းအားဖြင့်ကျေးဇူးပြုခြင်း၊ သားရဲကင်းရာ ဤမှာဖက်မှ သားရဲရှိရာ
ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး သူစဉ်းလဲသည် ကုတို့စီးသူလူအပေါင်းအား
သားရဲရှိရာဤမှာဖက်သို့ ရောက်မှားစေကြောင်းဖြစ်သကဲ့သို့  မိစ္ဆာဒိဋ္ဌိ မိစ္ဆာသတိ
အစရှိသောအကုသိုလ် မဂ္ဂင်တရားလေးပါးတို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား
ဖြူစင်သော အနဝဇ္ဇမှ မည်းညစ်သောသာဝိဇ္ဇ အကုသိုလ်ဓမ္မ သို့ရောက်စေကြောင်း
ကျေးဇူးပြုခြင်းဟုဆိုအပ်သော မဂ္ဂပစ္စည်း။



နို့ရည် ထောပတ် ပျား သကာ ဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသင့်လျော်
အစပ်တော်သကဲ့သို့ ဝေဒနာစသော နာမက္ခန္ဒာတို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဒာတို့အား
ဧကုပ္ပာဒဧကနိရောဓစသော လက္ခဏာ အာရုံညွတ်ခြင်း နမနသဘော
နှီးနှောပေါင်းယှဉ်သောအားဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော သမ္ပယုတ္တပစ္စည်း။



အစပ် အဖန် အငံ အခါး စသည်ပြားသော အရသာသည် အချင်းချင်းရောနှောပေါင်းထား
ဖြစ်လေငြားသော်လည်း တပါးသည် တစ်ပါးနှင့် နှီးနှောသင့်လျော် စပ်မတော်သကဲ့သို့
ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ တရားတို့၏ အတူတကွ ကြောင်းအကျိုးဖြစ်သော်လည်းကောင်း
ရှေးနောက်မဝေး အကြောင်းအကျိုးဖြစ်ကြသော်လည်းကောင်း ရုပ်၏သဘော
နာမ်၏သဘော မနှောမယှက် သက်သက်သော အကြောင်းအကျိုးဖြစ်၍
ကျေးဇူးပြုခြင်းဟုဆိုအပ်သော ဝိပ္ပယုတ္တပစ္စည်း။



မြေကြီး မြင်းမိုရ် အစရှိသည့် ခပ်သိမ်း စိမ်းရှင် မြက်သစ်ပင်အပေါင်းတို့အား မိမိထင်ရှား
ရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဒာလေးပါး မဟာဘုတ်လေးပါး
အာရုံခြောက်ပါး ရုပ်ဝတ္ထုခြောက်ပါး ပဉ္စဝေါကာရနာမက္ခန္ဓာ၊ ဖဿ စေတနာ ဝိညာဏ
ကဗဠီကာရအာဟာရ ရုပ်ဇီဝိတိနြေ္ဒ အစရှိသော ပစ္စည်းတရားတို့၏ မိမိနှင့်ဆိုင်ရာ
ပစ္စယုပ္ပန်တရားတို့အား တကွနက်ဖြစ်၍ ထင်ရှားရှိခြင်း၊ ထောက်ပံ့စေနိုင်သောအားဖြင့်
တကွထင်ရှားရှိခြင်း အစိုးရဟောအားဖြင့် တကွထင်ရှားရှိခြင်း သတ္တိဖြင့်
ကျေးဇူးပြုခြင်းဟုဆိုအပ်သော အတ္ထိပစ္စည်း။



နေရောင်၏ ဝင်ပျောက်ခြင်းသည် လရောင်ထွန်းတောက်ခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေးရှေးသောစိတ်တို့၏ မိမိတို့ထင်ရှားမရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား
ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟုဆိုအပ်သော နတ္ထိပစ္စည်း။



ညဥ့်၏ ကင်းကုန်ခြင်းသည် နေအာရုံတက်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ရှေးရှေးသောစိတ်တို့၏
မိမိတို့ချုပ်ပျောက်ကင်းကုန်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား ဖြစ်ခွင့်ပေး၍
ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိဂတပစ္စည်း။



မဟာသမုဒ္ဒရာသည် တိမိရ တိပိင်္ဂလ မဟာတိမိရ စသော ငါးကြီးတို့အား မိမိနှင့်မကင်း
စကောင်းသောအားဖြင့်ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာ အစရှိသည်တို့၏
မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အားထင်ရှားတည်ရှိခြင်း မကင်းခြင်း ဖြင့် ကျေးဇူးပြုခြင်းဟု
ဆိုအပ်သော အဝိဂတပစ္စည်း။

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြု
တတ်သောတရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော
တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြု
တတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော
တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊
အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့်
ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော
တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊
အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မိတ်ဆွေတယောက် အီးမေးလ်ကနေပို့ လာတာပါ။
ရေးသူအမည် မသိပေမဲ့လည်း ဘလော့တခုခုကဖြစ်ခဲ့ရင် ယူသုံးမိတာ ကို တောင်းပန်ပါတယ်နော်။
ဒီပိုစ့် လေး ကို ကျန်တဲ့ မိတ်ဆွေတွေ ကိုလည်း မျှဝေချင်တာ နဲ့ တင်လိုက်တာပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

လောင်မြိုက်ရှင်သန် ပိုးဖလံတွေ


သည်နေ့ ကျွန်တော့် ဆရာ ခရီး ထွက်သွားပြီ ဆိုတဲ့ အသိနဲ့ ကျွန်တော့် ဦးနှောက်တွေ ပေါ့ပါး သွားလိုက်တာ မပြော ပါနဲ့တော့ဗျာ။

စိတ်တွေ ကြည်လင်လန်းဆန်း လွန်းလို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ညနေပွဲ ရုပ်ရှင် သွားကြည့်မယ် စိတ်ကူးထားတယ်။ သည်စိတ်ကူးလေး မိန်းမကို ပြောပြတော့ သူ့ခမျာ မျက်ရည်လည်အောင် ပျော်လို့ အစောကြီး ကတည်းက ရေမိုးချိုး ဖြီးလိမ်း၊ အလှပြင်နေရှာတယ်။ သီချင်းလေး တအေးအေးနဲ့။ ပျော်ရှာမှာပေါ့၊ ကျွန်တော့်မှာ သူများကို ကားမောင်းပို့ပေး နေရတာနဲ့ပဲ ကိုယ့်မိန်းမ သွားချင် လာချင်မယ့် နေရာလေးတွေ လိုက်မပို့ပေး အားတော့ဘူး ဖြစ်ခဲ့တာကိုး။ “အစ်ကိုစိုးရေ၊ “၀ါးတား”လေးရဲ့ ရေဘူးလေး ရေဖြည့်ပြီး ရေခဲသတ္တာထဲ ထည့်ထားပေးပါဦး။ သွားရင် ယူဖို့လည်း မမေ့နဲ့ဦး။ သတိလည်း ပေးဦး” “အေး အေး” ရေဘူးဖြည့်ရင်း ကျွန်တော်ပြုံးနေမိတယ်။ သမီးက ငယ်ငယ်လေးကတည်းက ရေအရမ်း ကြိုက်တာ။ ဟိုး အူဝဲ အရွယ် ကတည်းက ပိုက်ကလေးနဲ့ စုပ်ပြီး ရေစက်လေး ချပေးပြီလား ဆိုရင် လျှာကလေးနဲ့ ထိုးထိုးသိမ်းပြီး ရေစက်တွေကို တပြွတ်ပြွတ်နဲ့ အငမ်းမရ မျိုတော့တာ။ မိန်းမကလည်း တစ်ချိန်လုံးပဲ“ အစ်ကိုရေ သမီးလေးက ရေအရမ်း သောက်တာပဲတော့်” လို့ ပြောပါများလွန်းတာနဲ့ ကျွန်တော်ကပဲ အကြံရပြီး “၀ါးတား” (Water) လို့ နောက်ပြောင်ခေါ်လိုက်တာ။ ဒါနဲ့ပဲ နောက်ဆုံးတော့ “၀ါးတား” လို့တွင် သွားပါလေရော။ ဒါ့အပြင် တိုက်ဆိုင်တာလည်း ရှိသဗျ။

သည်သမီးလေး မွေးကတည်းက ကျွန်တော်တို့ မိသားစုလည်း ရေလျှံခဲ့တာဗျ။ စီးပွား တက်တာကို ပြောတာ။ အမှန်ကို ပြောရရင်တော့ ကျွန်တော် စီးပွားတက်တာ မဟုတ်ပါဘူးဗျာ။ ကျွန်တော့် ဆရာ ကိုကောင်းကြီး စီးပွား တက်တာဗျ။ ဘာထူးလဲ အတူတူပဲပေါ့ဗျာ။ သူသွား လေရာ ကားမောင်းလျှောက် ပို့ရတဲ့ ဒရိုင်ဘာ ကျွန်တော်လည်း ကိုယ့်ဆရာ စီးပွား တက်မှတော့ ကိုယ်တက်တာနဲ့ အတူတူပဲပေါ့၊ မဟုတ်ဘူးလား။ ခုဆို ကျွန်တော်တို့ အိမ်မှာ အိမ်ထောင်တစ်ခု ရှိသင့် ရှိထိုက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေလည်း အပြည့်ပဲ။ တီဗွီ၊ ဒီဗီဒီစက်၊ ရေခဲသေတ္တာ အ၀တ်လျှော်စက်...စုံနေတာ ပါပဲဗျာ။ ဧည့်ခန်းမှာလည်း ဆိုဖာ ဆက်တီတွေ၊ ရှိုးကေ့စ် လို့ခေါ်တဲ့ အလှပြ မှန်ဗီရို တွေနဲ့။ မှန်ဗီရို ထဲမှာလည်း ဧည့်သည်လာရင် ခင်းကျင်းဧည့် ခံဖို့ ဧည့်ခံပစ္စည်း အပြည့်အစုံ နဲ့။ ဒါတင်ကရိုးလား။ ရှေ့ နှစ်ဆိုရင် ငါးနှစ် ပြည့်တော့မယ့် သမီးကိုလည်း အပျံစား ကျောင်းကို ထားဦးမှာ။

ခုနောက်ပိုင်း ကျွန်တော့်ကို ကျွန်တော့် ဆရာက အယ်ရစ်ဆင် ဟန်းဆက် အသစ်ကျပ် ချွတ်နဲ့ ဟန်းဖုန်း တစ်လုံးတောင် ရက်ရက်ရောရောပေး ထားလိုက်သေးတာ။ ဘာမဆို လိုတရ ဘ၀ပဲ ဆိုပါတော့ဗျာ။ ဖုန်းအကြောင်း စဉ်းစားနေတုန်း ဖုန်းသံထမြည်လို့ ကျွန်တော့်မှာ ဒိတ်ခနဲလန့် သွားတယ်။ နံပါတ်ကိုကြည့်ပြီး ပိုထိတ်သွားတယ်။ ဟိုက် ပြဿနာပဲ၊ ဘာများအကြောင်း ပေါ်ပါလိမ့်။ ဆရာ့မိန်းမ မကြူဆီကဖုန်း။ အလန့် တကြား “ဟဲလို” အသံပြု လိုက်ရတယ်။

“မောင်စိုး၊ နင့်ဆရာ ဘယ်နှရက် ကြာမယ် ပြောသွားလဲ”

“ဗျာ”

ဒါကို ကျွန်တော့်ထက် သူက ပိုသိရမယ့်ဟာ။
“အစ်မကို ပြောမသွား ဘူးလား”

“ပြောပါတယ်။ ငါသိတာနဲ့ နင်သိတာ ကိုက်မကိုက် တမင်မေးတာ”

“ကျွန်တော့်ကိုတော့ သုံးရက်ပဲလို့ ပြောသွားတာပဲ”

“အေး ငါပြောမယ် သေချာနားထောင်။ အခုခဏ နေ ငါလာခဲ့မယ်။ နင်အိမ်မှာ ပဲစောင့်နေ။ နင့်မိန်းမ ညိုညိုကော ဘယ်မှ မသွားစေနဲ့။ နှစ်ယောက်လုံးရှေ့မှာ ငါ စကားပြောမယ်”

သီချင်းလေးတအေး အေးနဲ့ ဖြီးလိမ်း ၀တ်စားပြီး ထွက်လာတဲ့ မိန်းမကိုကြည့် ပြီး ကျွန်တော် ဘာပြောရမှန်း မသိအောင် စိတ်ဆင်းရဲသွား တယ်။
“ညိုညိုရေ သွားပါပြီ။ မကြူကြီး အိမ်ကိုလာမယ် တဲ့”

“ဟောတော့် အစ်ကို့ ဆရာ ဟိုကိစ္စပဲလား”

“ဒါပဲ ရှိတာပဲဟာ”

နှစ်ယောက်သား လက် မှိုင်ချလို့ စောင့်ရတော့တယ်။ တော်သေးတယ်။ သမီးလေး ကို ကြိုတင် မပြောရသေး တာ။ မဟုတ်ရင် ပြောပြီးမှ မသွားဖြစ်ရင် သမီးလေး ၀ါးတားက ဂျီကျတော့မှာ။ သူက အပြင် အရမ်းသွားချင်တဲ့ ကလေး။ ရောက်လာပါပြီ၊ မယ်မင်းကြီးမ မကြူ။ ကုပ်ဝဲ ဆံပင်တိုတိုကို နောက်မှာခေါင်း စည်းကြိုး ရိုးရိုးနဲ့ ဖရိုရိဖရဲ စည်းထားတယ်။ လုံချည် ၀တ်ထားပုံက လျော့ရိလျော့ရဲ၊ ဘလောက်စ် အင်္ကျီက လည်ပင်းဟိုက်ပြီး တစ်ဖက်လိုက် တွဲကျနေတော့ ခါးအောက်နားမှာ တစွေတစောင်း တွဲကျလို့။ မထန်ထန်အောင် တမင် ကျင့်ထားတဲ့ မျက်နှာထား ထန်ထန်ပေါ်မှာ နေမင်းကို အခုပဲ အလုံးလိုက် မျိုထားရ သလို ပူပြင်းလောက်မြိုက်နေ ဟန်က သူ့မျက်နှာပြင်မှာ အတိုင်းသားပေါ်လို့။ သည် ပုံစံကြောင့် ကျွန်တော့် ဆရာ စိတ်ကုန်မယ်ဆို ကုန်ချင်စရာ လို့ မဆီမဆိုင် တွေးမိလိုက် သေးတယ်။

“အို မကြူတစ်ယောက် တည်းလား။ လာ လာ”

ညိုညိုက ညစ်နေတဲ့ စိတ်ကို မပေါ်ရလေအောင် အစွမ်းကုန် ပြုံးပြထားတဲ့ နှုတ်ခမ်းနဲ့ ချိုချိုလေးပြောပြီး အိမ် ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ် ဆိုရင်ပဲ မယ်မင်းကြီးမ မကြူက ခြေဆောင့်ဝင်လာ ပြီး တစ်ကိုယ်လုံး မြုပ်ဝင် မတတ် ဆိုဖာပေါ် ဘုတ်ခနဲ၊ အိခနဲ ခပ်ဆောင့်ဆောင့် ထိုင်ချလိုက်တယ်။ အခြေအနေ မကောင်းဘူးလို့ တွေးရင်း ကျွန်တော် သက်ပြင်းခိုးချမိတယ်။

“နင့်ဆရာ ဘယ်သူနဲ့ ခရီးသွားတာလဲ”

ခက်တာပဲ။ အဲဒါ ဘယ်ပြောလို့ ဖြစ်မလဲ။ ဆရာသမားက ကျွန်တော့်ကို ပြန်လာရင် အီးဗီဒီ ၀ယ်ပေးမယ်၊ မင်း ကြိုက်တာ ကြည့်ထားလို့ အသေအချာ မှာပြီး နှုတ်ပိတ်ခဲ့တာ။
“ဆရာသိုက်လည်း ပါတယ်။ ဆရာမိုးလည်း ပါတယ်။ ခါတိုင်း သွားနေကျ လူတွေပါ အစ်မ”

“ခင်လဲ့ချိုဦးရော ပါ လား”

“အစ်မကလည်း မပါ ပါဘူး”

ကျွန်တော် ဗြောင်လိမ် ရတော့တယ်။ ပြောရင်းက တစ်လက်စတည်း ညိုညို့ ဘက်လည်း လှည့်ကြည့်ပြီး အရိပ်အကဲ ပြရသေးတယ်။ ညိုညိုကလည်း ပါးနပ်ပါ တယ်။
“မပါဘူး အစ်မ။ ကျွန်မ သိတယ်”

ညိုညို့ခမျာလည်း ကျွန်တော်နဲ့အတူ ဗြောင်လိမ်၊ ဗြောင်“က”ရပါများလို့ အရေ ထူနေပါပြီ။
“အဲဒီမိန်းမ ကုမ္ပဏီကိုလည်း မလာဘူး။ သူ့အိမ်မှာလည်း ရှိပုံမရဘူး”

“ကျွန်မ မလဲ့အိမ်ကို မေးပေးရမလား အစ်မ”

“အမလေးလေး ကြောက်လွန်းလို့။ သူ့အိမ်က ဟာတွေကလည်း အကဲဆတ်တယ်။ ငါက ဘယ်လိုဘယ်ညာနဲ့ မယုံသင်္ကာ မေးပါတယ်၊ မြန်းပါတယ် ဆိုပြီး ချက်ချင်း ခင်လဲ့ချိုဦးကို သံတော်ဦး တင်တာ။ ပြီးရင် အဲဒီမိန်းမ က ကိုကောင်းကြီးကို တစ် စိတ်တစ်အိတ်လုပ်ပြီး ချွန်ဦး မှာ။ နင့်ဆရာကလည်း သူ့ဟာ မချွန်တိုင်း ထထတွန် မယ့်ကြက်ဖ။ နောက်ဆုံးတော့ နင်တို့ ငါတို့ပဲ အတွန်ခံ ရမှာ။ ကြောက်လွန်းလို့၊ ကြောက်လွန်းလို့”

ညိုညိုက “အအေးသွား လုပ်လိုက်ဦးမယ် အစ်မ”ဆို ပြီး အသာကလေး ခေတ္တခဏ စတေးရှောင် ထွက်သွားတယ်။ မကြူ ရင်ဖွင့်သမျှ ကျွန်တော် ဒိုင်ခံ နားထောင်ရ ဦးတော့မှာ။ ထုံးစံအတိုင်း ခင်လဲ့ချိုဦး တစ်ယောက် နယ်ကနေ စုတ်တိစုတ်ဖတ် ပုံစံနဲ့ ကုမ္ပဏီမှာ အလုပ် လာလျှောက်ပုံ၊ အဲဒီ နောက် တစ်ဆင့်ပြီး တစ်ဆင့် သွေးရိုးသားရိုး ရာထူး တက်တာမျိုး မဟုတ်ဘဲ သူ့လင်တော်မောင် ကိုကောင်းကြီးကို အပိုင် ခိုးချိတ်ပြီး မန်နေဂျင်း ဒါရိုက်တာ ရာထူး ရသွားပုံ၊ နောက်ဆုံး သူက ကုမ္ပဏီမှာ လူသိရှင်ကြား သူဌေးကတော် ဂိုက်ဖမ်းနေပုံ၊ စုံစီနဖာ သွယ်တန်း ချိတ်ဆက် ပြောပါတော့ တယ်။ ကျွန်တော်ပြောပစ် လိုက်ချင်တာမှ အာကို ယား နေတာပဲ။

“ခင်ဗျားသိတာ နည်းသေးတယ်။ မလဲ့က သူဌေး ကတော်ဂိုက် ဖမ်းနေတာ မဟုတ်ဘူး။ သူဌေးမ ဂိုက်ဖမ်း နေတာဗျ။ ခင်ဗျားယောက်ျား ကိုကောင်းကြီးက သူ့မန်နေဂျာ၊ ခင်ဗျားတို့ ကွယ်ရာမှာ သူက ဒီလိုဇာတ် ကနေတာ”လို့ ပေါ့။ အဖြစ်မှန်ကို သာသိရင် မကြူ ရင်ကျိုးမှာ။

“ရှင့်ဆရာ ကိုကောင်း လည်ဝယ်ပါးနပ်တယ် ဆိုတာ မလဲ့ အိပ်နေသလောက်ပဲ ရှိတာ ကိုစိုးရဲ့။ ယုံလား”လို့ ရင်ကော့မျက်စ ချီပြီး ပြောဖူး ထားတဲ့ ခင်လဲ့ချိုဦး ပုံစံတွေ ကို ကျွန်တော်က အခါခါ မြင်ဖူးပြီးသား။ ဒါပေမယ့် မလဲ့က ဒီလို ပြောပါတယ် ဆိုပြီး ကျွန်တော် ဆရာ့ရှေ့ ဖွင့်ချလို့ ဖြစ်မလား။ အား... ကြိုးတွေ လိမ်ရှုပ်ပြီး အားလုံးရှော့ခ် ရိုက်ကုန်မှာပေါ့။ ကျွန်တော်နဲ့ ညိုညိုကတော့ မကြူခုလို လာပြောလည်း “ဟုတ်တာပေါ့ ဟုတ်တာပေါ့”ဆိုပြီး ထောက်ခံ နားထောင်ပေးလိုက် ရုံပဲ။ မလဲ့ လာပြောရင်လည်း “ဟုတ်တာပေါ့ ဟုတ်တာပေါ့” ဆိုပြီး ထောက်ခံနားထောင် ပေးလိုက်တာပဲ။ ပါးစပ်က ဘာတစ်ခွန်းမှ မဟ၀ံ့ဘူး။ ဟမိတာနဲ့ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်း စွပ်သလို ဖြစ်ပြီပဲ။ မလွယ်ဘူးဗျ။ လှေနံ နှစ်ဖက်နင်းထားတဲ့ ဆရာ သမားရဲ့တပည့် ဖြစ်နေတော့လည်း အကြီးဘက်က လာ ပြောလည်း “ရက်စ်”၊ အငယ် ဘက်က လာပြောလည်း“ရက်စ်” လုပ်ရတော့တာပေါ့။ “နိုး”လို့ ခေါင်းခါငြင်း ဆန်လိုက်မိတဲ့ နေ့ဟာ မောင်စိုးတို့ တစ်မိသားစုလုံး ခေါင်းနဲ့ကိုယ် အိုးစားကွဲ အစိတ်စိတ် အမြွှာမြွှာ ကြေမွတဲ့နေ့ပဲ။

အအေးတစ်ကျိုက် သောက်လိုက်၊ အဖြစ်သနစ် တစ်ခု ပြောလိုက်နဲ့ ပြောလို့ ၀သွားတဲ့ အခါ မကြူပြန် သွားတယ်။ ထမပြန်ခင် ကျွန်တော်တို့ ညစာ စပယ် ရှယ် ၀ယ်စားဖို့ ပိုက်ဆံတွေ တစ်ထပ်ကြီး ညိုညို့လက်ထဲ ထည့်သွားလေရဲ့။ ညိုညိုက ပိုက်ဆံတွေကို တစ်ရွက်ပြီး တစ်ရွက် ရေတွက်ရင်းနဲ့ “တစ် နာရီလောက် ပုတ်သင်ညို လုပ်ရုံနဲ့ ဒီလောက် ရတာဆိုတော့လည်း မဆိုးပါဘူး။ နော့ အစ်ကိုစိုး”လို့ လှမ်းပြောတယ်။ သေချာတယ်၊ ဒါကို သူ ပျော်ပျော်ရွှင်ရွှင်ကြီး ပြောလိုက်တာ မဟုတ်ဘူး။ ခပ်ရွဲ့ ရွဲ့ ပြောလိုက်တာ။ ကျွန်တော်ကလည်း လေသံ ခပ်ဖြည်း ဖြည်းနဲ့ “ဒါပေါ့ ဒါပေါ့”လို့ အလိုက်သင့် ပြောလိုက်ရတယ်။ မကြူက “ညစာကို ကောင်းပိုဆိုင်က ၀ယ်စားလိုက်ကြ”လို့ ပိုက်ဆံတွေပေး တုန်းက သေချာ မှာသွားခဲ့ပေ မယ့် ကျွန်တော်တို့သူ့စကား အတိုင်း ၀ယ်မစားဖြစ်ဘူး။ ရုပ်ရှင်လည်း သွားမကြည့် ဖြစ်တော့ဘူး။ ငွေစက္ကူ တစ်ထပ်ကြီး ကိုင်ပြီး ဘာလုပ်ရ မှန်းမသိတဲ့ စိတ်တွေနဲ့ ကြောင်စီစီ ဖြစ်ကျန်ခဲ့တယ်။ ရင်ထဲ တင်းကျပ်နေလို့ စားပွဲမှာ ညစာဘယ်လို ဘယ်ပုံထိုင်စား ဖြစ်သွားမှန်းတောင် မသိဘူး။ “၀ါးတားလေး” ဗိုက်တင်းပြီး အိပ်ပျော် သွားချိန်မှာ တီဗွီရှေ့ ထိုင်ပေါ်လာသမျှ အရုပ်တွေ ငေးကြည့်ရင်းနဲ့ ကျွန်တော်နဲ့ ညိုညိုစကား ပြောဖြစ်တယ်။ ညိုညို မေးလာတဲ့ မေးခွန်း ကနေ စကားတွေ ဆက်ပြော ဖြစ်သွားတာ။

“အစ်ကို့ ဆရာ ကလည်း မကြူကို ဘာလို့ မယူ ရတာလဲ မသိပါဘူး။ ယူလိုက်ရင် ပြီးပြီ”

“ဟဲ့ မကြူဘက်က အမျိုးတွေ များတယ်။ မယူဘဲ နဲ့တောင် အမျိုးတွေက ခြေချင်းလိမ်အောင် တက်လိုက် ဆင်းလိုက်နဲ့”

“အင်းလေ မယူလည်း ဒီလို အခြေအနေ ကျွံနေမှတော့ ယူပြီး တရားဝင် ပေးကမ်း ထောက်ပံ့တာက ပိုပြီး မင်္ဂလာ မရှိပေဘူးလား”

“ငါ့ဆရာက တစ်ကိုယ်တော် လွတ်လွတ်ကင်းကင်း နေချင်တာ။ ပြောရရင် အတ္တ သိပ်ကြီးတာ။ သူ့ဆွေမျိုးတောင် သူကင်းကင်းနေတာ ကြည့်ပါလား။ အနှောင်အဖွဲ့နဲ့ ခြေချုပ်မိမယ့် ဘ၀ကို သူ မကြိုက်ဘူး။ ဒါကြောင့် မကြူကို ညီမ ၀မ်းကွဲလို့ စကတည်းက အလုပ်ထဲမှာ ကြေညာထားတာသာ ကြည့်တော့။ သူဘယ်တော့မှ ယူမှာ မဟုတ်ဘူး”

“မကြူက ဆရာ့ညီမ ၀မ်းကွဲလို့ သူများတွေကရော ယုံကြလို့လား”

“ဘယ်ယုံပါ့မလဲ။ ဒီလိုပါပဲ ရှေ့မှာတော့ အားလုံးက တဟဲဟဲနဲ့ ပြုံးရယ်ဖုံးဖိ အလိုက်တသိ နေကြတာပဲ။ ကွယ်ရာကျမှသာ ခွက်ခွက် လန်အောင် လှန်ကြတွယ်ကြ နဲ့ ငယ်ကျိုးငယ်နာ ဖော်တော့တာ။ ၀န်ထမ်းတွေက ဒီလောက် မဟုတ်လှဘူး။ ဆရာ ရယ်၊ မကြူရယ်၊ မလဲ့ရယ် တစ်ယောက်တစ်ပြန် ကွယ် တာနဲ့ တွယ်တွယ် နေကြတာက ပိုအရုပ်ဆိုးတာ။ သူတို့ ဟာသူတို့ တွယ်နေတာနဲ့ပဲ ၀န်ထမ်းတွေ သိကုန်တာ များပါတယ်”

“မကြူလည်း သနားပါတယ်။ ၀န်ထမ်းအချောအလှ လေး အသစ် ရောက်လာရင် သူ့ မောင်တော် ဆရာကောင်း ကြီးနဲ့ ငြိမှာစိုးလို့ အလုပ်ထဲ မမြဲရလေအောင် အမျိုးမျိုး အနှောင့်အယှက်ပြု၊ အလုပ်က ထွက်ပြေးအောင် တိုက်ခိုက် ရနဲ့ အပွဲပွဲနွှဲ အောင်လံထူနိုင် ခဲ့သမျှ အခုမလဲ့ ဆိုတဲ့ ကလေး နှစ်ယောက် အမေနဲ့ကျမှ ခံရ တော့တာပဲ။ မလဲ့က တော်တော် လည်မယ့်ပုံနော်”

“ဘယ်လို၊ အစ်ကိုလည်း မပြောဖူးဘဲနဲ့။ ဘာလို့ ဒီလောက်ထိ သိနေတာလဲ”

“အစ်ကိုစိုးကလည်း တစ်ခါတစ်ခါ အစ်ကို့ကို လာစောင့်ပါရောလား။ အဲဒီမှာ ၀န်ထမ်း တစ်ယောက်ယောက်နဲ့ ထိုင်စကား ပြောဖြစ်ရင်းနဲ့ သိလာတာပေါ့”

“သတိလည်းထားဦး။ သူများပြောတာပဲ နားထောင်၊ ကိုယ်ဘာမှစွက်ဖက်ပြီး မပြောမိစေနဲ့”

“အစ်ကို့ မိန်းမပါ။ အစ်ကို နှုတ်လုံသလောက် လုံနိုင်ပါသေးတယ်”

ညိုညိုရဲ့ အဲဒီစကားကို ကျွန်တော် ဘ၀င်မကျဖြစ်သွား တယ်။ သဘောက ကျွန်တော် နှုတ်လုံသရွေ့ သူကလည်းစောင့် ထိန်းမယ်ပေါ့။ ကျွန်တော် မလုံတဲ့ နေ့သူလည်း...။ ဟာ ကျွန်တော် ခေါင်းနားပန်းကြီး သွားတယ်။ သူ့ကို ကျွန်တော့်နောက် ကုမ္ပဏီကို နောက် မလာခိုင်းတော့ဘူး။ ဒါ့ထက် ပိုပြီး သိကုန်ရင် မလွယ်ဘူး။ ကျွန်တော်မရှိတုန်းများ မကြူ ဒါမှမဟုတ် မလဲ့က တစ် ယောက်တည်းရောက်ချလာပြီး လှည့်ပတ်အစ်အောက် မေး မြန်းစုံစမ်းမှ ခက်ရချည်ရဲ့။ ကျွန်တော်ကတော့ သူတို့သုံးယောက်မှာ ကျွန်တော့်ဆရာ ကိုကောင်းစကားပဲ မှားမှား မှန်မှန် ထောက်ခံ ပေးရမှာပဲ။ သူက ကျွန်တော့်ရဲ့အဓိက အရေးပါတဲ့ သူဌေးကိုး။

ထောက်ခံပေးရုံ မကပါ ဘူး။ ကျွန်တော်ကိုယ်တိုင် လူ ကြမ်းအဖြစ် သူ့ဇာတ်ထဲ ၀င် ၀င်ကရတာတောင် ရှိသေး တယ်။ လူကြမ်းအဖြစ် ၀င်က ရင်းနဲ့ မျက်ရည်ဝဲရတဲ့ အဖြစ်တောင် ကြုံဖူးသေးတယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက်ကပေါ့ဗျာ။

“ဂျက်စမင်” အအေး ခန်း ဗြူတီးစလွန်းရဲ့ ဆလိုက် တံခါးလေးကို ဘေးတိုက် အသာလေး တွန်းရွှေ့ပြီး ကျွန်တော် ၀င်လိုက်တယ် ဆိုရင်ပဲ ထိုင်ခုံပေါ်က မိန်းကလေးတစ်ဦးကို ဆံပင် ညှပ်ပေးနေတဲ့ “စံပယ်”က လက်ထဲက ကတ်ကြေးလွတ် ကျသွားမတတ် ဆတ်ခနဲတုန် သွားပြီး ကျွန်တော့်ကိုမျှော်လင့် တကြီး မျက်လုံးလေးတွေနဲ့ လည်ပြန်ကြည့်တယ်။ မကြာခင် မှိုင်းမှိုင်းထ ဝေရီပြာ သွားတော့မယ့် မျက်လုံးလေး တွေကို အားတုံ့အားနာ ဖြစ် မိပေမယ့် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ကျွန်တော်က ကျွန်တော့်ဆရာ စေခိုင်း ညွှန်ကြားသမျှ တစ်သဝေမတိမ်း လုပ်ဆောင် ပေးရတဲ့လူ။

“ခဏလေးစောင့်ပါ အစ်ကိုစိုး”

စံပယ်ရဲ့ ခဏလေး ဆိုတာ လူရှင်းတဲ့ အထိ အချိန် ကိုပြောတာ။ ကျွန်တော့်မှာက အဲဒီလောက်ထိ အချိန်မရဘူး။ ဟင့်အင်း၊ မရတာ မဟုတ်ဘူး။ ပြတ်ပြတ်လုပ်၊ ချက်ချင်း ပြန်လာလို့ ကျွန်တော့် ဆရာက ယတိပြတ် မှာလိုက်တာ။ ခေါင်းနည်းနည်း ငုံ့ပြီး ကုပ်သားပေါ်က ဆံပင်လေး တွေအညှပ်ခံနေတဲ့ ထိုင်ခုံပေါ် က မိန်းကလေးက မှန်သား ပြင်ထဲကနေပြီး ကျွန်တော် တို့နှစ်ဦးရဲ့ ပတ်သက်မှုအနေ အထားကို မသိမသာလေး မျက်လုံး လှန်ကြည့်လို့ အကဲ ခတ်နေပါတယ်။ စိန်ရတနာ လမ်းထဲက ရပ်ကွက်ဆန်တဲ့ ဆိုင်ကလေးထဲ ရောက်ခဲ့မှတော့ ရပ်ကွက် ဆန်ဆန်ပဲ စပ်စုခံရမှာ သဘာဝပဲပေါ့။သည်ဆိုင်လေးကို (ကျွန်တော့် အတွက် မဟုတ်ဘဲ) ရောက်ရပါ များလွန်းလို့ ဒါတွေကို ကျွန်တော် ခံနိုင်ရည် ရှိနေပါ ပြီ။ ကျွန်တော် ခံနိုင်ရည် မရှိမှာက စံပယ်ရဲ့မျက်လုံးလေး တွေ ဖြူဖျော့ အားနည်းသွား မှာ..။

“မစံပယ် သွားချင်သွားလေ။ ကျွန်မ ဆက်လုပ်လိုက်မယ်”

အကူ မိန်းကလေးက အလိုက်တသိ ပြောလာတဲ့အခါ စံပယ်က အပြင်ထွက်ဖို့ အသင့် အနေအထား ဖြစ်သွားတယ်။ ကျွန်တော် ထိုင်ရာက ထပြီး ဆိုင်အပြင်ဘက်ကို အရင်ထွက်ခဲ့တယ်။ ဆိုင်နဲ့ မလှမ်းမကမ်းမှာ ရပ်ထားခဲ့ တဲ့ ကားဆီ လျှောက်ခဲ့ပြီး ကားထဲ ၀င်ထိုင်လိုက်တယ်။ နောက်က လိုက်လာတဲ့ စံပယ်က အခါတိုင်းလိုပဲ ကား နောက်ခန်းတံခါးကို ဖွင့်ပြီး ၀င်ထိုင်လိုက်တယ်။ သည်နေ့တော့ သူ့ကို ကျွန်တော် ခါတိုင်းလို ခါတိုင်းသွားဖူး နေကျနေရာ တစ်နေရာဆီကို ပို့ပေးဖြစ်မှာ မဟုတ်တော့ပါဘူး။ သူ့ကို တစ်ချက်လှည့် ကြည့်လိုက်ပြီး ဘေးခုံပေါ်က စက္ကူထုပ်လေး တစ်ထုပ်ကို ညင်ညင်သာသာလေးပဲ သူ့ဆီ ကမ်းပေးလိုက်တယ်။ ယောင် နနပုံစံနဲ့ လှမ်းယူပြီး တုန်ခိုက်တဲ့ အသံလေးနဲ့ သူပြောလာပါတယ်။

“အစ်ကိုစိုး ဒါ...ဒါ”

“ကျွန်တော့်ဆရာ နိုင်ငံခြား ထွက်သွားပြီ”

အမှန်က ဘယ်မှ မသွားဘူး။ သူ့အိမ်ထဲမှာပဲ သူ့မိန်းမ မကြူနဲ့ နေ့လယ်စာ စားကောင်းစားနေမှာ။ သူပြောခိုင်းသလိုပဲ ကျွန်တော် ပြောရ တာပါ။ ကျွန်တော် သက်ပြင်းတွေ မှုတ်မှုတ် ထုတ်နေမိတယ်။ သူ သူ ဒီမိန်းကလေး ထိန်းမနိုင် သိမ်းမရ ငိုချလိုက် လေမလား၊ ဘယ်လိုတုံ့ပြန် လေမလဲ။ အသိမဲ့စွာ တစ်ခုခု ဆိုးဆိုးဝါးဝါး တုံ့ပြန်လာခဲ့ရင် ကျွန်တော် ဘယ်လို ဖြေရှင်းပေးရပါ့။ ထိတ်ထိတ် လန့်လန့်တွေးရင်း စံပယ်ကို နောက်ကြည့်မှန်ထဲကနေ ခိုးကြည့်လိုက်တယ်။ ဟော ဗျာ..။

အိတ်ထဲက ငွေတွေကို ထုတ်ယူပြီး ခပ်သွက်သွက် ရေတွက်နေတဲ့ စံပယ်။ သူ့မျက်နှာက တည်တည်ထန်ထန်။ ဘာမှ ပုံဖော်ခန့်မှန်းလို့ မရတဲ့မျက်နှာ။ သည်မျက်နှာ ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ဖူးဘူး။
“ဒါ ဘာအတွက်ပေး တာတဲ့လဲ။ မီးဖွား စရိတ်လား၊ ဖျက်ဆီးဖို့ စရိတ်လား။ တစ်သက်စာ နှုတ်ပိတ်စရိတ်လား။ ကျွန်မ သူ့ကို မေးချင်တယ် အစ်ကိုစိုး”

“ကျွန်တော့်ဆရာ နိုင်ငံ ခြားထွက်သွား...”

“ကျွန်မ သိတယ်၊ သူ ဒီရန်ကုန်မှာပဲ ရှိတယ်”

ကျွန်တော်ဘာမှ မပြော တတ်တော့ဘူး။
“ဆောရီး အစ်ကိုစိုး။ အစ်ကိုစိုးကို ကျွန်မ လေသံ မမာသင့်ဘူး။ ဘာမှမှ မဆိုင်တာနော်”

စံပယ်က လေသံပျော့ သွားတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကို ခွဲခြားမြင် ပေးဟန်ရှိပါတယ်။ ဒုက္ခ ရောက်နေတဲ့ နှမလေးတစ် ယောက်ကို ဘာမှ မတတ်နိုင် တဲ့ မျက်လုံးတွေနဲ့ ပေကြည့် နေရသလို၊ လက်ခြေတွေ ငုံးတိ ပြတ်တောက်နေတဲ့ ကျွန်တော့်ရှေ့ လူတစ်ယောက် ဗိုင်းခနဲ လာချော်လဲသလို ဘာမှ မတတ်နိုင်တဲ့ ကျွန်တော် တကယ်ပဲ ရင်ထဲ နင့်နေပါတယ်။

“ဆိုးတော့ မဆိုးပါဘူး။ငါးသိန်းဆိုတဲ့ ငွေက ကျွန်မ အတွက် တစ်ခါမှ အိပ်မက် မမက်ဖူးတဲ့ငွေ၊ နည်းမှ မနည်းတာ”

နားထဲမှာ “ဘာမှ အပို မလုပ်နဲ့။ ယတိပြတ်ဖြတ်၊ ချက်ချင်းပြန်လာ” ဆိုတဲ့ ကျွန်တော့်ဆရာရဲ့ အသံပြာ အစ်အစ်ကြီးက ထပ်တလဲလဲ ဆူလာတယ်။
“ကျွန်မ ဒါကို ယူသင့် လား ဟင် အစ်ကိုစိုး”

နှမလေးတစ်ယောက် က အစ်ကိုတစ်ယောက်ကို အားကိုးတကြီး ခိုတွယ်မေး လိုက်သလိုမျိုး၊ မထင်မှတ် တဲ့ မေးခွန်း။ ဟီရိုရှီးမား မြို့ကလေးအပေါ် အဏုမြူ ဗုံးကြဲချခံလိုက်ရသလို...။ ကျွန်တော်လိပ်ပြာ လွင့်သွား တယ်။ ယူလိုက်ပေါ့၊ သုံးရတာ ပေါ့လို့ ပေါ့ပြက်ပြက်ပြော လိုက်ရမလား။ မယူနဲ့၊ မသန့် စင်တဲ့ငွေတွေ၊ လွှင့်ပစ်လိုက်၊ မယူနဲ့လို့ တားမြစ်လိုက်ရ မလား။ လောလောဆယ် ဒါ့ ထက်အဆမတန် များပြားတဲ့ ငွေစက္ကူတွေ ကျွန်တော့်ဘ၀ ထဲမှာ အထပ်ထပ်သိုလှောင် ခဲ့ပြီးပြီ။ ကျွန်တော်ဟာ ဆရာ သမားသွားလိုရာ မိုင်ကုန် ပြေးမောင်းပို့ရတဲ့ ဒရိုင်ဘာ တစ်ယောက်ပါ။ တစ်နည်း အားဖြင့် သူ့စိတ်တွေ စိုင်းလို ရာ...တာဝန်သိသိ သစ္စာရှိရှိ၊ ပို့ဆောင် ပေးနေရတဲ့ လူယုံ တော်ကြီးပါ။

“ကျွန်မ သိတယ်၊ အစ်ကိုစိုး ကျွန်မကို ယူစေချင်မှာ မဟုတ်ဘူး။ ဟုတ တယ် မဟုတ်လား”

သည်စကား တစ်ခွန်းက ကျွန်တော့်ကို အခါခါ လိပ်ပြာ လွင့်စေခဲ့တယ်။
“ဒီငွေကို ကျွန်မယူမယ်။ ဒီကလေးကို ကျွန်မမွေးမယ်။ ကောင်းကောင်း ပြုစု ပျိုးထောင်မယ်။ ကလေးသိ နားလည်တဲ့ အချိန်ရောက်ရင် သူ့အဖေ ဘယ်သူဖြစ်တယ် ဆိုတာ အေးအေးဆေးဆေး အချိန်ယူ ပြောပြမယ်။ အမေ ကို အပြစ်ဆိုချင်ရင်လည်း ဆို၊ ကျွန်မ ခေါင်းငုံ့ခံမယ်။ ဘာတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ် ဆိုတာ အားလုံး အမှန်အတိုင်း ပဲပြောပြမယ်။ သူသဘော ပေါက်လက်ခံတဲ့ အထိ၊ ပြီးရင် သူ့အဖေနဲ့တွေ့ရဖို့ သူ့ကို ရှင့်ဆရာအနား မရောက် ရောက်အောင်ပို့မယ်။ မြန်မာပြည်က ကျဉ်းကျဉ်းလေးပါ။ သူအောင်မြင် ကျော်ကြားလေလေ၊ သူ့ကမ္ဘာက ပိုပြီးကျဉ်း မြောင်းလေလေ၊ ကျွန်မသူ့ကို ရှာဖို့ပိုပြီး လွယ်ကူလေလေပဲ။ ဒါကြောင့် သူ့ကို လျှမ်းလျှမ်း တောက် အောင်မြင်ကျော် ကြားတဲ့ စီးပွားရေး သမားဖြစ် ဖို့ပဲ ကျွန်မ မျှော်လင့်တယ်။ ကျွန်မရဲ့ကလေးဟာ အမှန်ကို ရင်ဆိုင်ပြီး ရဲရဲ ကြီးပြင်းလာ နိုင်တဲ့ ကလေး ဖြစ်စေရမယ်။ သမီးဖြစ်ဖြစ် သားဖြစ်ဖြစ် သူ့အဖေ သူ့အမေရဲ့ အမှား အရိပ်တွေနဲ့ ပိန်းပိတ်ပြီး သိမ်ငယ် မနေစေရဘူး။ ပညာ တတ်ပြီး သူ့ဘ၀ကို သူသိက္ခာ ရှိရှိ မောင်းနှင်နိုင်ရမယ်”

လွင့်နေတဲ့ ကျွန်တော့် လိပ်ပြာဟာ စံပယ်ရဲ့ခြေဖ၀ါး အောက် တိုးဝင်သွားတယ်။ ကျွန်တော်စံပယ်ကို လူမသိ သူမသိ ဦးညွှတ်လိုက်ပါတယ်။
“သူ့မှာ မကြူရှိတယ် ဆိုတာ ကျွန်မ တကယ် မသိ ခဲ့တာပါ အစ်ကိုစိုး။ ကျွန်မ သိတာက သူ့မိဘတွေ သဘောတူတဲ့ ချိုင်းနီးစ်စပ် အမျိုးသမီးတစ်ဦးနဲ့ အိမ် ထောင်ပြုဖူးတယ်။ နောက်ကွဲ သွားပြီး အဲဒီ မိန်းမက တရုတ် ပြည်အပြီး ထွက်သွားခဲ့တယ်။ သူက တစ်ကိုယ်ရေ အထီးကျန်နေတဲ့ လူပြိုသိုးကြီးပေါ့။ ဒါ ကျွန်မသိတာ အကုန်ပဲ”

ရိုးအီနေတဲ့ ဇာတ်လမ်း။ လူတွေကို သူဒီလို ပြောပြ တတ်တယ်။ ကျွန်တော့်ဆရာ ရဲ့မိန်းမကို လူတွေက မမြင် ဖူးပါဘဲနဲ့ စီးပွားရှာဖို့ပဲသိတဲ့ မိန်းမကြမ်းကြီးအဖြစ် စက် ဆုပ်ခဲ့ကြပြီးပြီ။ မှင်မောင်း ကောင်းလွန်းတဲ့ ကျွန်တော့် ဆရာက ဒီဇာတ်လမ်းထဲမှာ သနားစရာ သိုးသူငယ်လေး ပေါ့။ ပြီးရင်လာဦးမယ်။ ၀ါသနာအရ သူရှာဖွေစု ဆောင်းထားတဲ့ စာအုပ်တွေ၊ ပန်းချီကားချပ်တွေကို အဲသည် မိန်းမက ရန်ဖြစ်ကြတဲ့ အခါတိုင်း “ကျွန်မစီးတဲ့ ဖိနပ် တစ်ရန်လောက်တောင် တန်ဖိုး မရှိတဲ့ပစ္စည်းတွေ”လို့ ပြောပြီး လွှင့်ပစ်သတဲ့။ သူ့ဝါသနာကို အထင်မကြီး၊ အလေးမထားတဲ့ မိန်းမဆိုပြီး ကျွန်တော့် ဆရာက ကွာရှင်း လိုက်ရောတဲ့။ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေ (အထူး သဖြင့် မိန်းမတွေ)ကို တရှိုက် မက်မက် ပြောပြနေကျ ပုံပြင် တစ်ပုဒ်ပေါ့။

ကြားကြားသမျှ လူတွေကတော့ စုတ်ကလေးသပ်၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျွန်တော့် ဆရာအပေါ် ကရုဏာ သက်ဝင်ကြပါလေရော။ အမှန်ကို ဆိုရရင် ကျွန်တော့် ဆရာမှာ လက်တန်း ပြောနေကျ ကျပန်း ပုံပြင်တွေ အများကြီးပါ။ သူ့ရှေ့မှာ ထိုင်နေတဲ့ လူအပေါ် မူတည်ပြီး တစ်ယောက်ကို ပုံပြင်တစ်မျိုး။ ကြာတော့ ဒီလောက် အတွင်းသိ၊ အစင်းသိ အနီးဆုံးမှာ အကြာဆုံး ရှိခဲ့တဲ့ ကျွန်တော်တောင် ဘယ်ပုံပြင်က အမှန်ဆိုတာ မသိတော့ဘူး။ မျက်စိတွေလည် ကုန်ရော။ ကျွန်တော့် အမျိုးသမီး ညိုညိုက တစ်ခါ တစ်ခါ သူ့ဘာသာသူ အတွေး စပ်မိလို့ ထထမေးပြီ ဆိုရင် ကျွန်တော်လည်း တစ်ခါမေး တစ်မျိုး ပြောမိရော။ “ဟင် အစ်ကို ဟိုတစ်ခါ ပြောတုန်းက ဒီလို မဟုတ်ပါဘူး” လို့ စကားထောက်ရင် “သိဘူးကွာ။ ငါ အပြင် သွားဦးမယ်” ဆိုပြီး ကျွန်တော် သူ့အနားက လစ်ထွက် သွားရတော့တာပဲ။

ကျွန်တော့်ဆရာမှာ အဲသည်လို ပုံပြင်တွေ များကြောင်း လူတွေ(အထူးသဖြင့် မိန်းမတွေ) ကို အမှန်အတိုင်း ကျွန်တော် ထုတ်ဖော်ပြောခွင့်မှ မရှိတာ။ဒီလို စောင့်ထိန်းပေးနိုင်ခဲ့ လို့လည်း ကျွန်တော့်ဘ၀ တစ်လျှောက်လုံး ငြိမ့်ငြိမ့် လေး နေခဲ့ရတာပါ။ စံပယ်ကို ငါသွားတော့ မယ်လို့ ကျွန်တော်ပြော မထွက်သေးဘူး။ အချိန်တွေ တော်တော် လင့်နေပြီ။ သည် တစ်ခါတော့ ကျွန်တော့် ဆရာကို မညာစဖူး ကျွန်တော် ညာရတော့မယ်။ စံပယ်ဆီ က ချက်ချင်း ပြန်ခဲ့ပါတယ် ပေါ့။ ကားအတွက် လိုအပ်တာ စစ်ဆေးဖို့ ၀ပ်ရှော့ပ် ၀င်နေတာပါပေါ့။ ဒီ့အရင် အမျိုးသမီးတွေတုန်းက ကျွန်တော့် ဆရာ ညွှန်ကြားတဲ့ အတိုင်း ကျွန်တော် ယတိ ပြတ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စံပယ်နဲ့ကျမှ ကျွန်တော့်စိတ်ထဲ တော်တော် မောနေမိတယ်။ ကျွန်တော့်ဆရာနဲ့ ပတ်သက်ဖူးသမျှ အမျိုးသမီး တိုင်းမှာ စံပယ်က အရိုးဆုံး ဖြစ်နေတာကိုး။ ကျွန်တော့် ဆရာကလည်း ဒါကိုကောင်းကောင်း သိပုံရပါတယ်။ ၀ါသနာအရသာ ခြေရှုပ်မိပေ မယ့် ရိုးသားပုံရတဲ့မိန်းကလေး ဆိုတော့ ရင်းနှီးလုပ်ကိုင်စားဖို့ တရက်တရောကြီး ပုံပေး လိုက်တာ။ ဘယ်ခါတိုင်း မိန်းမတွေဆို မသွားတော့ဘဲ ရှောင်နေလိုက်ရုံနဲ့ ဇာတ်လမ်းက အပ်နဲ့ ထိုးလိုက်တဲ့ ပူဖောင်းလို ဖောင်းခနဲမြည်သံ ကြားလိုက်တာနဲ့ အားလုံးပြီး ပြတ်သွားပြီပဲ။

“ဒီငွေကို လက်ခံမိတဲ့ အတွက် ကျွန်မကို အထင် သေးမယ်ဆိုတာ ကျွန်မသိပါ တယ်။ ကျွန်မကို ခွင့်လွှတ်ပါ အစ်ကိုစိုး”

ပြောပြောဆိုဆို ကား တံခါးဆွဲဖွင့်ပြီး စံပယ် ထွက်သွားတယ်။ အထင်မသေးပါ ဘူးလို့ ကျွန်တော် မပြောဖြစ်လိုက်ဘူး။ တကယ်ဆို အထင် သေးဖို့ နေနေသာသာ သူ့ အပေါ် အထင်သေးပိုင်ခွင့်ကို မရှိခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်က...။ အဲသည့်နေ့က ယောက်ျားတန်မဲ့ ရင်ထဲဆို့နင့် လာပြီး ကျွန်တော် မျက်ရည်ဝဲ ခဲ့တယ်။ ငွေကြေးက ဘ၀ကို ၀ါးမျိုနေပြီလား။ ကျွန်တော့် ရဲ့ရပ်တည်မှု ဘ၀ပုံစံကိုလည်း ကျွန်တော် သံသယ ၀င်လာ တယ်။ ကျွန်တော် ပြည့်ပြည့် စုံစုံနေခွင့်ရတာဟာ ခါးချည့် အောင် ငြိမ်ကုပ်မောင်းလို့ရတဲ့ ဒရိုင်ဘာလစာ ငွေစစ်စစ် ကြောင့်မှ ဟုတ်ရဲ့လား။ သိမြင်ကြားနေပါလျက်နဲ့ မသိမမြင်မကြား ဟန်ဆောင်နိုင်လို့ နှုတ်ပိတ်ခရ တာလား။ ခေါင်းကိုပုတ်သင် ညိုလို ညိတ်နိုင်လို့ခေါင်း ညိတ်ခရတာလား။ လား ပေါင်းများစွာနဲ့...။ ကားပဲ မောင်းတတ်တဲ့ ကျွန်တော်၊ ကျွန်တော့်ဆရာဆီမှာ မဟုတ် ဘဲ တခြားတစ်စုံတစ်ယောက် ဆီမှာ ဆိုရင်ရော ဒီလိုပုံစံတူ လာဦးမှာလား။

“ဟေ့ကောင် မမောင်း တတ်ရင် မမောင်းနဲ့။ ငါ့___ ခွေးမသား”

ဘတ်စ်ကားတစ်စီး ပေါ်က အသံ။ လက်စသတ် တော့ ကျွန်တော့်ကို လှည့် ကြည့်လှည့်ကြည့်နဲ့ ဆဲသွား တာ။ ခါတိုင်းဆို ကျွန်တော် ပြန်ဒေါသထွက်မိမှာ သေချာ တာပေါ့။ ဒီနေ့တော့ ထူးထူး ခြားခြား အဲဒီဘတ်စ်ကား မောင်းတဲ့ ဒရိုင်ဘာကို ကျွန်တော် အားအကျကြီး ကျသွားမိတယ်။ ဘတ်စ်ကားမောင်းတဲ့ လူကမှ စိတ်ထဲဖြစ် ဖြစ်သလို၊ မြင်မြင်သလို၊ သြဇာ အပြည့် နဲ့ ချက်ချင်း ဆိုဆဲ အော်ဟစ် ပြောခွင့်ရှိပါလားဆိုပြီးတော့ ပေါ့။ ကျွန်တော့်မှာ အရာ အားလုံး နှုတ်ပိတ်တိတ်ဆိတ် ခေါင်းညိတ်။ ဘတ်စ်ကား မောင်းရရင် ကောင်းမလား၊ စိတ်အကြံ ခဏလေးဖြစ်မိ လိုက်သေးတယ်။ တကယ်တော့ ဘယ်ဖြစ်နိုင်မှာလဲ။မလွယ်တဲ့ ကိစ္စကြီးပါ။

လက်ကိုင်ဖုန်းလေး ခါး ချိတ်ပြီး လုပ်ငန်းရှင်ရဲ့ကား စတိုင်လ်ကျကျ မောင်းရတဲ့ ဘ၀မှာ ကျွန်တော်နေသား ကျနေပါပြီ။ လူပျိုဘ၀ ကျွန်တော့်တစ်ကိုယ်စာ အတွက်တုန်းကတောင် ဒီ ဘ၀ကနေ ရုန်းမထွက်နိုင် တာ။ ညိုညိုနဲ့ အိမ်ထောင်ကျ၊ သမီးလေး “၀ါးတား”ရှိလာ တော့ ပိုပြီး နေသားကျ၊ ပိုပြီး နှုတ်ပိတ်၊ ပိုပြီးတိတ်ဆိတ်၊ ပိုပြီးခေါင်းညိတ်။ ကျွန်တော် သာမက ညိုညိုတောင်မှ ဒါတွေ ကျွမ်းကျင်နေပါပြီကော။

“ငါခရီးသွားတုန်း နင် တို့အိမ်ကို ဟိုဟာမ လာသေးလား”

“ဘယ်သူလဲ ဆရာ”

“ဘယ်သူရှိဦးမလဲ။ ဟိုငတုံးမ မိကြူပေါ့”

“မကြူလား၊ ဟင့်အင်း မလာဘူး ဆရာ”

ညိုညို ဗြောင်လိမ်တဲ့ စကားကို ကျွန်တော့်ဆရာ တစ်ချက်တည်း ယုံသွားပါတယ်။ ကျွန်တော့်ကို ယုံလို့ ကျွန်တော့်မိန်းမ ညိုညို့ကိုပါ ကျွန်တော့်ဆရာ ယုံကြည် စိတ်ချနေပါပြီ။ ဒီလို ယုံကြည် စိတ်ချနေတဲ့ အခြေ အနေမျိုးမှာ ကျွန်တော်က ရှေ့ မလှမ်းချင်တော့ဘူးဆိုပြီး ခြေလှမ်းတွေ ရပ်ပစ်လိုက်ရင် ကျွန်တော့်လောက် မိုက်မဲသူ ကမ္ဘာမှာ ရှိမှာ မဟုတ်တော့ဘူး။

“လာရင် ငါ့ကိုပြော၊ ကြားလား။ ဒီငတုံးမ အလကား နေရင်း ငါ့ယုန်ထင် ကြောင်ထင်နဲ့။ ခင်လဲ့ချိုဦးကို ငါမြှောက်စားထားတာ ခိုင်းကောင်းလို့ဟေ့။ သူက မြှောက်ပေးရင် ဖင်ပေါ်အောင် ကတဲ့ ဒေါင်းမျိုး။ ဒါကြောင့် တမင် ခိုင်းစားထားတာ။ သူကလည်း တစ်မှောင့်၊ ငါ မြှောက်စားလို့ တောက်ကြွား နေခဲ့ပြီးမှ ငါ့ကိုတောင် တစ်ချီတစ်မောင်း ပြန်တွယ်ချင် သေးတယ်။ ဘာရမလဲ။ ငါ့ ရှေ့ ကဖျက်ယဖျက် လာလုပ်လို့ အားလုံးရှေ့မှာ ငါခုံနဲ့ ကန် ပစ်လိုက်တာ မျက်ရည်ကို တောက်တောက်ကျရော။ ဒီတော့မှ ကုပ်သွားတာပဲ”

ကျွန်တော့်ဆရာပြန် သွားတော့ ညိုညိုက ကျွန်တော့်ကို မေးတယ်။
“ဟုတ်လား အစ်ကို။ မလဲ့ကို အစ်ကို့ ဆရာက ခုံနဲ့ ကန်တယ်လား”

“အလကားပါကွာ။ သူ့ လူတွေရှေ့မှာ တမင်ဖိန့်ဖိန့် လုပ်တာ”

“ဟင် အဲဒီလိုလား။ မလဲ့ကရော ခံတာပဲလား”

“အဲဒီလို လူရှေ့တစ်ခါ ဗျင်းပြီးရင် ကွယ်ရာကျ တို့ ဆရာက ချော့နေကျ။ စားချင်တဲ့ဆိုင် သွားကျွေးရတာ နဲ့၊ တောင်းသမျှ ကျိတ်ဝယ် ပေးရတာနဲ့။ ဒီတော့ မချောက အကြိုက်ပေါ့။ များများ ကန်ပါစေတောင် ဆုတောင်း နေမှာ”

“အို အဲဒီလိုလား”

ညိုညို့ခမျာ တအံ့တသြ ဖြစ်နေရှာပါတယ်။ ဒါတောင် သူ့ကို ကျွန်တော် မပြောပြဘဲ ချန်လှပ်ထားတာတွေ ရှိပါသေးတယ်။ ညိုညိုကတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး တွေးဆမိပုံ မပေါ်ပါဘူး။ ခင်လဲ့ချိုဦး အတွက် ကရုဏာ သက်ဟန် တကျွတ်ကျွတ်နဲ့ စုတ်သပ်နေပါသေးတယ်။ တကယ်တော့ သူများရဲ့ အားနည်းချက်ကို သွားပြီး ကရုဏာ သက်နေမယ့်အစား ကျွန်တော်တို့ ကိုယ့်အားနည်း ချက်ကို ပြန်ရှာပြီး ကိုယ့် ဘာသာကိုယ် ကရုဏာသက် ဖို့ကောင်းတာပါ။ ကျွန်တော် အပါအ၀င် လူအားလုံးဟာ ပိုးဖလံကောင်တွေပါပဲ။ ငွေ ကြေးအတွက် မီးထဲတိုးတယ်။

အောင်မြင်ကျော်စောမှု အတွက် မီးထဲတိုးတယ်။ အလိုရမ္မက် အတွက် မီးထဲ တိုးတယ်။ ရုပ်ဝတ္ထုပစ္စည်း အတွက် မီးထဲတိုးတယ်။ ရာထူးဂုဏ်ဒြပ် အတွက် မီးထဲ တိုးတယ်။ တချို့များဆိုရင် ဘာမဟုတ်တဲ့ အရာလေးအ တွက်တောင်မှ မီးထဲတိုးဝံ့ကြ သေးတယ်။ မြို့ကြီးပြကြီးမှာ အလုပ်အကိုင်ရဖို့၊ ကျောချ စရာနေရာလေးတစ်နေရာရ ဖို့၊ နိုင်ငံရပ်ခြားသွားရဖို့ ပြောရရင် စုံနေတာပါပဲ။ ကျွန်တော်တို့အားလုံး တစ်မျိုး မဟုတ်တစ်မျိုး အကြောင်းပြ ပြီး မီးထဲကို နေရှိသရွေ့ လူး လှိမ့်တိုးဝင်နေတဲ့ ပိုးဖလံကောင်တွေပါ။

စံပယ်ကို တစ်ခါ တစ်ခါသတိရမိတယ်။ ကျွန်တော်မှာဖြင့် တစ်ခါ တစ်ခါဆယ်ကျော်သက် ဆယ့် လေးငါးနှစ်အရွယ် ၀န်ထမ်း အသစ်လေးများ ရောက်လာ ရင် စံပယ်ရဲ့ကလေးများလား၊ တစေ့တစောင်း အကဲ ခတ်ရတာ အမော။ ဒါက ကျွန်တော့် ဆရာရဲ့ကလေးလည်း ဖြစ်နေ လေတော့ ဘယ်လိုတွေ စခန်း သွားကြဦးမလဲ စဉ်းစားမိရင်း ရင်ထဲလေးလံ နေတော့တာပဲ။ ခုထိတော့ ဘာသံမှ မကြား သေးဘူး။ ခပ်တုံးတုံး မကြူ ကြီးနဲ့ ဟိုစွာတေးမ ခင်လဲ့ချိုဦးတို့ နှစ်ယောက်ကြားမှာ နားထောင်၊ ခေါင်းညိတ်လုပ် ရတာ ဘေးကျပ်နံကျပ်နဲ့ မလွယ်လှတဲ့ အထဲ စံပယ်ကပါ သူ့ကလေးနဲ့ ဘွားခနဲ ရောက်လာခဲ့ရင်။ ဟူး တကယ်ကို မလွယ်ဘူး။

သူ့ ကလေးကို ကျွန်တော့် ဆရာ အနား မရောက်ရောက်အောင် ပို့မယ်လို့ ကြွေးကြော်ခဲ့တာ။ ပြောတဲ့အတိုင်း လုပ်မယ့်ရုပ်။
“သူအောင်မြင် ကျော်ကြားလေလေ၊ သူ့ကမ္ဘာက ပိုပြီး ကျဉ်းမြောင်းလေလေ၊ ကျွန်မ သူ့ကို ရှာဖို့ပိုပြီး လွယ်ကူလေလေပဲ”တဲ့လေ။ ကျွန်တော့်ဆရာကို လျှမ်း လျှမ်းတောက် အောင်မြင် ကျော်ကြားတဲ့ လုပ်ငန်းရှင် ကြီးအဖြစ် မြင်လိုသတဲ့လေ။ ဘာထူးလဲ။ ကျွန်တော်လည်း ကျွန်တော့် ဆရာကို စံပယ် မျှော်လင့်သလို တစ်ထပ် တည်း မျှော်လင့်မိတာပါပဲ။ စံပယ်ကလည်း သူ့အတ္တ အတွက်၊ ကျွန်တော်ကလည်း ကျွန်တော့် အတ္တအတွက် မီးထဲ ရဲရဲ တိုးဝင်ကြတယ်။ လောင် တယ်၊ မြိုက်တယ်။ ပူတယ်။ ကျွမ်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ရှင်သန်နေပါ တယ်။

စုမီအောင်



အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM